ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဂျက် ဂရီးလစ်ရှ်ကတော့ သူဟာ သူ့ရဲ့ဘဝမှာ အသင်းဖော် တိုက်စစ်မှူး အာလင်း ဟာလန်းလောက် ကောင်းတဲ့ တိုက်စစ်မှူးကို တကြိမ်တခါမှ မြင်တွေ့ဖူးခြင်း မရှိကြောင်း ပြောကြားရင်း မန်ချက်စတာ စီးတီး ၅-၀ ကိုပင်ဟေဂင် ပွဲစဉ်အပြီးမှာ ဟာလန်းကို ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယမြောက်ပွဲ အဖြစ် ကိုပင်ဟေဂင်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ပွဲစပွဲဆုံး ကိုပင်ဟေဂင်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့သလို ဟာလန်းရဲ့ သွင်းဂိုး ၂ဂိုး ၊ မာရက်ဇ်နဲ့ အယ်ဗာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေ ၊ ကိုပင်ဟေဂင် နောက်ခံလူ ခိုချိုလာဗာရဲ့ လက်ဆောင်ဂိုး တဂိုးတို့နဲ့အတူ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Irish Mirror

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီး အတွက် အဓိက ခြေစွမ်းပြသွားသူက ဂိုးသွင်းစက်ကြီး အာလင်း ဟာလန်း ဖြစ်ပြီး ဟာလန်းက ကိုပင်ဟေဂင်နဲ့ ပွဲမှာ ပွဲချိန် ၇မိနစ် အထိ ဘောလုံးထိချက် တချက်မှ မရှိခဲ့ပေမယ့် သူ ဘောလုံးစထိတဲ့ အချိန်မှာပဲ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဟာလန်းမှာ သွင်းဂိုးတွေကို အနံ့ခံနိုင်စွမ်း ရှိကြောင်း ချီးကျူးနေကြပြီး ဟာလန်းရဲ့ အသင်းဖော် ကစားသမား ဂရီးလစ်ရှ်ကလည်း သူ့ရဲ့ဘဝမှာ ဟာလန်းလောက် ကောင်းတဲ့ တိုက်စစ်မှူးကို မမြင်တွေ့ဖူးပဲ ဟာလန်းဟာ မယုံနိုင်စရာ ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားပါတယ်။

Photo Credit: Irish Mirror

ဂရီးလစ်ရှ်က – “ဟာလန်းရဲ့ အရည်အချင်းတွေက လုံးဝကို မယုံနိုင်စရာပါ။ ကျွန်တော့်ရဲ့ ဘဝမှာ သူ့လောက် ကောင်းတဲ့ တိုက်စစ်မှူးကို မမြင်တွေ့ဖူးပါဘူး။ သူက အမြဲတမ်း သွင်းဂိုးတွေ သွင်းယူနိုင်မယ့် နေရာမှာ အချိန်ကိုက်ကို ရောက်ရောက်နေတတ်ပါတယ်။ ပြီးတော့ သူက အခွင့်အရေးတွေကို မလွတ်တမ်း အဆုံးသတ်ပေးနိုင်ပါတယ်။ ဒါကြောင့် သူနဲ့အတူ တွဲကစားရတာဟာ ကျွန်တော့်အတွက် ပျော်ရွှင်စရာပါပဲ” လို့ ဟာလန်းကို ချီးကျူးသွားခဲ့တာပါ။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးအတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။