မနေ့ညက စတမ်းဖို့ဒ်ဘရစ်မှာ ကစားသွားခဲ့တဲ့ ချယ်လ်ဆီးနဲအာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ ဧည့်သည်အာဆင်နယ်က တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပြီး ဒီလို နိုင်ပွဲရသွားခဲ့တဲ့ အာဆင်နယ်ဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိခဲ့တယ်လို့ ချယ်လ်ဆီးနည်းပြ ဂရေဟမ်​ပေါ်တာက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Graham Potter: 'Arsenal deserved win, a step ahead of Chelsea' - Sports Mole

Photo Credit : Sports Mole

လန်ဒန်အခြေစိုက် အင်အားကြီး ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ဟာ ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်မှာ ထိပ်တိုက် ဆုံတွေ့ခဲ့ရာ အာဆင်နယ်က ခံစစ်ကစားသမား ဂါဘရီရယ်ရဲ့ ဂိုးနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတာ ဖြစ်သလို နည်းပြပေါ်တာအတွက်လည်း ပထမဦးဆုံး စတမ်းဖို့ဒ်ဘရစ်ရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ်။ လက်ရှိမှာတော့ ပေါ်တာရဲ့ ချယ်လ်ဆီးအသင်းဟာ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ (၁၃)မှတ်အထိကို ကွာဟနေခဲ့ရပြီဖြစ်သလို အဆင့်(၄)နေရာက မြို့ခံကလပ် စပါးအသင်းနဲ့ တစ်ပွဲလျော့ (၅)မှတ်ကွာဟနေရပါတယ်။

Photo Credit : Daily Express

ဒီရှုံးပွဲနဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးနည်းပြ ပေါ်တာက “တစ်ပွဲလုံး ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ အာဆင်နယ်အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ခွင့်ပြုလိုက်ရတဲ့ ပေးဂိုးက စိတ်ပျက်စရာ ဖြစ်ပေမယ့်လည်း ပွဲရလဒ်နဲ့ ပတ်သတ်ပြီး ဘာမှ မပြောလိုပါဘူး။ ကျွန်တော်တို့က ယုံကြည်မှုအပြည့်နဲ့ ပုံစံကောင်း ရနေတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော့် ကစားသမားတွေကလည်း သူတို့ အစွမ်းရှိသလောက် ကြိုးစားအားထုတ်သွားခဲ့ပါတယ်။ သူတို့အသင်းနဲ့ ကျွန်တော်တို့အသင်းကြားမှာ ခြားနားမှု ရှိပါတယ်။ သူတို့က အတူတွဲဖက်ကစားတာလည်း ကြာပါပြီ။ ကျွန်တော်တို့က အခုပွဲမှာ ဒီထက်ပိုပြီး ကောင်းမွန်ခဲသင့်ပါတယ်” လို့ မချိတင်ခဲ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်ထိ နိုင်ပွဲပျောက်ထားခဲ့သလို ပေါ်တာရဲ့ အသင်းဟောင်း ဘရိုက်တန်နဲ့ မြို့ခံကလပ် အာဆင်နယ်တို့ကိုပါ ဆက်တိုက်ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒါ့အပြင် ကြားရက်မှာလည်း ချယ်လ်ဆီးဟာ လိဂ်ဖလား ရှုံးထွက်ပွဲစဥ်အဖြစ်နဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပွဲကျပ်တစ်ပွဲ ရင်ဆိုင်သွားရဦးမှာဖြစ်ပြီး ဒီပွဲပြီးရင်လည်း လက်ရှိမှာ form တအားကောင်းနေတဲ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်မှာ တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။