ယခု နွေဈေးကွက် အတွင်းမှာပဲ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကနေ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်ထံ ပြောင်းရွှေ့ခဲ့တဲ့ နာမည်ကြီး ဂျာမန်ကြယ်ပွင့် ကွင်းလယ်လူ မာရီယို ဂေါ့ဇီက သူဟာ ၂၀၁၆ခုနှစ်မှာ သူ့ရဲ့ ဆရာဟောင်း ကလော့ပ် ကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးထံ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် ငြင်းဆန်မိတဲ့ အပေါ် နောင်တရမိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဂျာမန်ကြယ်ပွင့် ကွင်းလယ်လူ မာရီယို ဂေါ့ဇီက ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ဥရောပ နာမည်ကြီးအသင်း အားလုံးရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်ခဲ့ပြီး ဂေါ့ဇီက ၂၀၁၃ခုနှစ်မှာ ဒေါ့မွန်ကနေ ဂျာမဏီရဲ့ နံပါတ်တစ်ကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ဂေါ့ဇီက ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိပြီးနောက် သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် တဦး ဖြစ်သူ သောမတ် မူလာနဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် နေရာယှဉ်လုခဲ့ရပြီး သူက ဘိုင်ယန်ရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ မူလာကို မယှဉ်နိုင်ခဲ့တာကြောင့်ပဲ ၂၀၁၆ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ပြန်လည် ထွက်ခွာခဲ့ရပါတယ်။

ဂေါ့ဇီ တယောက် ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာတော့မယ့် အချိန်မှာ သူ့ရဲ့ အသင်းဟောင်း ဒေါ့မွန်နဲ့ ဆရာဟောင်း ကလော့ပ် ကိုင်တွယ်နေတဲ့ လီဗာပူးတို့က သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပြီး ဂေါ့ဇီက ဆရာဟောင်း ကလော့ပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချကာ အသင်းဟောင်းဆီသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit: The Sun

ဂေါ့ဇီက ဒေါ့မွန်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရတာကြောင့် ဒေါ့မွန်မှာလည်း ယခင်ကလို ခြေစွမ်းကောင်းတွေ ပြန်မရခဲ့ပဲ ၂၀၂၀ခုနှစ်မှာတော့ ဒေါ့မွန်ကနေ ပီအက်စ်ဗွီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

ယခုအချိန်မှာတော့ ဂေါ့ဇီက သူဟာ ၂၀၁၆ခုနှစ်မှာ လီဗာပူးကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ပေမယ့် မပြောင်းရွှေ့မိတဲ့ အပေါ် အတော်လေး နောင်တရမိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ ဂေါ့ဇီက – “အဲ့ဒီအချိန်တုန်းက လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အဆင့်၈နဲ့သာ ရာသီသိမ်းနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း မရခဲ့ပါဘူး။ ရှေ့နှစ်တွေမှာလည်း လီဗာပူးရဲ့ ရလဒ်တွေက အရမ်းကြီး မကောင်းခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်က လီဗာပူးဟာ ထိပ်တန်းအဆင့်မှာ အမြဲတမ်း မရှိနိုင်ဘူးလို့ ယူဆမိခဲ့ပါတယ်။ တဖက်မှာတော့ ဒေါ့မွန်က တူဟယ်လ်ရဲ့ လက်အောက်မှာ အမြင့်ပျံ ခြေစွမ်းတရပ်ကို ပိုင်ဆိုင်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က ဒေါ့မွန်ကို ရွေးချယ်ခဲ့မိတာပါ။ အခုချိန်မှာ အဲ့ဒီဆုံးဖြတ်ချက်ကို ပြန်ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်က လီဗာပူးကို ရွေးခဲ့သင့်တယ်လို့ ခံစားရပါတယ်” ဆိုပြီး ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။