ယခု နွေဈေးကွက် အတွင်းမှာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်ကနေ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ် ဘယ်နောက်ခံလူ ဂိုမက်စ်ကတော့ သူဟာ မန်ချက်စတာ စီးတီးဆီ မပြောင်းရွှေ့လာမီ မန်ချက်စတာ စီးတီးနဲ့ အန်ဒါလက်ချ်ရဲ့ ဂန္တဝင် ကစားသမား ကွန်ပနီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း မန်ချက်စတာ စီးတီး ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် စပိန် ယူ-၂၁ လက်ရွေးစင် ဘယ်နောက်ခံလူ ဆာဂျီနို ဂိုမက်စ်က အန်ဒါလက်ချ်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ စီးတီးနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Sky Sports

ဆာဂျီနို ဂိုမက်စ်က တိုက်စစ်အားသန် ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး စပိန်သား တဦး ဖြစ်တာကြောင့် ဘောလုံးပိုင်ဆိုင်မှု အခြေပြုတဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ကစားနိုင်စွမ်းရှိတာကြောင့် မန်ချက်စတာ စီးတီးဟာ အသင်းကနေ ထွက်ခွာသွားတဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကိုရဲ့ နေရာအတွက် ဂိုမက်စ်ကို အစားထိုး ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဆာဂျီနို ဂိုမက်စ်ကတော့ သူဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ စီးတီးကို အားပေးခဲ့တဲ့ ပရိသတ် တဦး ဖြစ်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သလို မန်ချက်စတာ စီးတီးနဲ့ အန်ဒါလက်ချ်တို့ရဲ့ ဂန္တဝင် နောက်ခံလူ ကွန်ပနီဟာ သူ့ရဲ့ အင်္ဂလန်မြေ ခရီးစဉ်အတွက် အရေးပါခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဆာဂျီနို ဂိုမက်စ်က – “စီးတီးက ကျွန်တော့်ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း ကြားပြီးတဲ့နောက်မှာ ကျွန်တော်က ကွန်ပနီနဲ့ စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်အတွက် အရမ်းကို ပျော်နေခဲ့တာပါ။ ပြီးတော့ သူက ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝ အတွက် ကြီးမားတဲ့ ခြေလှမ်းတခုပဲလို့ ပြောခဲ့ပါသေးတယ်။ သူနဲ့ စကားပြောပြီးတဲ့နောက်မှာ ကျွန်တော်က ဒီကို ပြောင်းလာဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်တာပါပဲ။ ဒါက ကျွန်တော့်အတွက် ကြီးမားတဲ့ ခြေလှမ်းတရပ်ပါ။ မန်ချက်စတာ စီးတီးက ကျွန်တော့်ကို စိတ်ဝင်စားနေတဲ့ အကြောင်း သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်က အတော်လေး ပျော်ရွှင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က ဒီအသင်းမှာ ကစားခွင့် ရဖို့ အတွက် ထိုက်တန်ကြောင်းကို ကွင်းထဲမှာ ပြသသွားပါမယ်။ အသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။