မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီးချိန်ကနေ အခုထိ ကလပ်အသင်းသစ် ရှာမတွေ့သေးတဲ့ စပိန် လက်ရွေးစင်ဟောင်း ဂိုးသမား ဒေးဗစ် ဒီဂီယာကို စတီဗင် ဂျရတ်က သူကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းဆီ ခေါ်သွားဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၃၃)နှစ်အရွယ် စပိန် ဂိုးသမား ဒီဂီယာဟာ ဆယ်စုနှစ် တစ်ခုကြာမြင့်တဲ့အထိ လက်တွဲခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲလိုက်ချိန်မှာ ကလပ်အသင်း များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိတော့ free agent player တစ်ဦးသာ ဖြစ်နေရပါတယ်။
Photo Credit : The Sun
အသင်းသစ် မတွေ့သေးတဲ့ ဒီဂီယာဟာ ကလပ်အသင်း မျိုးစုံနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျက် ရှိနေပြီး သူ့ကို ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက တစ်ပတ် ပေါင်(၅၀၀၀၀၀)လောက်နဲ့ ကမ်းလှမ်းခဲ့တာတောင် သူ့ဇနီးသည်က ဆော်ဒီကို သွားဖို့ ဆန္ဒမရှိလို့ ကမ်းလှမ်းမှုအား ပယ်ချလိုက်တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။
ဒါပေမယ့် ကစားသမားဘဝတုန်းက ဒီဂီယာနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးတဲ့ လီဗာပူးလ် ဂန္တဝင် ကစားသမားဟောင်းကြီး ဂျရတ်က လက်ရှိ သူ ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖာအသင်းဆီ ဒီဂီယာကို အလွတ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်လာပါတယ်။
Photo Credit : The Mirror
အင်္ဂလန် အခါးသီးဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ် နဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ ပြိုင်ဘက် ကစားသမားတွေ အချင်းချင်း မုန်းတီးမှုတွေ ရှိခဲ့ကြသလို ဂျရတ်က ဒီဂီယာကို မုန်းတီးမိကြောင်းပါ ဝန်ခံခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဂျရတ်က သူရဲ့ကလပ်အသင်းအတွက် ဒီဂီယာကို ခေါ်ယူချင်လာခဲ့ပါတယ်။
ဒီဂီယာကတော့ ဆော်ဒီကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိလို့ သူ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်လ်ဒို တဲလက်စ်တို့နဲ့ တွဲကစားလို့ ရနိုင်မယ့် အခွင့်အရေးကိုပါ ငြင်းပယ်ထားခဲ့တာဖြစ်လို့ ပြိုင်ဘက်ဟောင်း ဂျရတ်ရဲ့ ကြိုးစားမှုဟာလည်း အရာထင်လာဖို့ အခြေအနေ နည်းပါးနေတယ်လို့ မြင်မိပါတယ်။