ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်ရီ အိုနေးလ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူတို့အသင်းကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ယူသွားတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ဘုန်းမောက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဦးဆောင်ဂိုး ၂ဂိုး အထိ ရရှိခဲ့ပေမယ့် ခံစစ်ပိုင်း လျော့ရဲမှုကြောင့် နောက်ကျချေပဂိုးနဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရကာ ရှုံးပွဲနဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: Euro Sports

အာဆင်နယ် ၃-၂ ဘုန်းမောက် ပွဲစဉ်မှာ ဘုန်းမောက်အတွက် သွင်းဂိုးတွေကို ကွင်းလယ်လူ ဘိုင်လင်းနဲ့ ဗဟိုနောက်ခံလူ ဆာနီစီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အာဆင်နယ် အတွက် သွင်းဂိုးတွေကိုတော့ ကွင်းလယ်လူ ပါတေး ၊ လူစားဝင် ညာနောက်ခံလူ ဘန်ဝှိုက်နဲ့ လူစားဝင် တောင်ပံကစားသမား နယ်ဆန်တို့က သွင်းယူပေးခဲ့ကြတာပါ။

အာဆင်နယ်ကို နောက်ဆုံးမိနစ် အနိုင်ဂိုးကြောင့် အရှုံးပေးခဲ့ရပြီးနောက် ဘုန်းမောက်နည်းပြ ဂယ်ရီ အိုနေးလ်က သူတို့အသင်းဟာ ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ပြန်ရှုံးခဲ့ရလို့ နာကျင်မိပေမယ့် အာဆင်နယ်လို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်လို့ အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် ဂုဏ်ယူမိကြောင်း ဆိုလာပါတယ်။

Photo Credit: Euro Sports

ဂယ်ရီ အိုနေးလ်က – “ဒီလိုမျိုးပုံစံကြီးနဲ့ ရှုံးခဲ့ရလို့ (နောက်ဆုံးမိနစ် အနိုင်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရမှုအား ရည်ရွယ်လျက်) ကြေကွဲရပါတယ်။ ကျွန်တော့်ကောင်လေးတွေ ကစားသွားတဲ့ပုံစံ ၊ စိတ်ဓာတ်နဲ့ ခြေစွမ်းတွေကတော့ တကယ်ကို ကောင်းပါတယ်။ ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ပြန်ရှုံးခဲ့ရလို့ နာကျင်မိတာတော့ အမှန်ပါ။ ဒါပေမယ့် အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းပါ။ လူတွေကတော့ ကျွန်တော်တို့အသင်း အမ်းမရိတ်ဆီ လာပြီး အခုလိုမျိုး အာဆင်နယ်ကို ဒုက္ခပေးနိုင်လိမ့်မယ်လို့ ထင်ထားကြမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။