ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ကစားခွင့် ရတိုင်း ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ် ကစားသမား အာမတ် ဒီရယ်လိုကို နေရာပေးသင့်ပြီလို့ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ကို ထောက်ပြ အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အာမတ် ဒီရယ်လိုက အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၁သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်ဆီ ရောက်ရှိချိန်မှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးတာကြောင့် အခြားအသင်းတွေဆီ အငှားနဲ့ သွားရောက် ကစားရင်း ခြေသွေးခဲ့ရပါတယ်။

Photo Credit: Stretty News

အာမတ် ဒီရယ်လိုက ၂၀၂၂ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားဆီ ရာသီဝက်အငှားနဲ့ သွားရောက် ကစားခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက် ကနေ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းဆီ တရာသီအငှားနဲ့ ကစားခဲ့ရပါတယ်။

အာမတ်က ရိန်းဂျားဆီ သွားရောက် ကစားချိန်မှာ ဘာသာစကား အခက်အခဲကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဆန်းဒါးလန်းဆီ အငှားနဲ့ သွားရောက် ကစားချိန်မှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး အာမတ်ဟာ ဆန်းဒါးလန်း အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိခဲ့ကာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ အာမတ်ကို တခြားအသင်းတွေဆီ အငှားမချတော့ပဲ အသင်းမှာသာ ဆက်ထားခဲ့ပြီး အာမတ်ကလည်း ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က အာမတ်ရဲ့ ကြံ့ခိုင်မှု အနေအထားကို သဘောမကျသေးတာကြောင့် အာမတ်ကို အရန် ကစားသမား အဖြစ်သာ ကစားခွင့် ပေးနေပြီး ယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးလ်ကတော့ တန်ဟက်ဂ်ဟာ အာမတ်ကို ပိုသုံးသင့်နေပြီလို့ ဆိုလာပါတယ်။

ဂယ်ရီနဗီးလ်က – “ပြီးခဲ့တဲ့လမှာ တန်ဟက်ဂ်က အာမတ်ကို နေရာပေးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါက အာမတ်အပေါ်မှာ ထားတဲ့ သူ့ရဲ့ သဘောထားကို ပြနေတယ်လို့ ထင်ပါတယ်။ (တန်ဟက်ဂ်က အာမတ်ကို သဘောမကျဘူး လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပါ) တခြား ကစားသမား တချို့က ကစားခွင့်တွေ ရနေပေမယ့် အာမတ်ကတော့ ကစားခွင့် မရခဲ့ပါဘူး။ မကြာခင် အဲ့ဒါက ပြောင်းလဲလာဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။