ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဝီလီယံ ဂါးလက်စ်က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ကို ယူကရိန်း လူငယ်ကြယ်ပွင့် မာဒရစ်ခ်ကို ခေါ်မယ့်အစား အန်ခီးတီးယားကိုပဲ ဆက်လက် ယုံကြည်ပေးဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အာဆင်နယ်က အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဂါဘရီရယ် ဂျေဇူး တယောက် ဒူးဒဏ်ရာ ရရှိထားမှုကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်က ရှက်တာဒိုးနက်ရဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မာဒရစ်ခ်ကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Goal

အသက် ၂၂နှစ် အရွယ် ယူကရိန်း လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မာဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး မာဒရစ်ခ်ဟာ တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို အသင်းဖော်တွေ အတွက် အကွက်မြင်မြင် ဖန်တီးပေးနိုင်စွမ်းလည်း ရှိပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က မာဒရစ်ခ်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတာ ဖြစ်ပြီး ရှက်တာဒိုးနက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် မာဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်း အထိ လိုချင်ကြောင်း အတိအလင်း ကြေညာထားပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ အာဆင်နယ်အပြင် ချယ်လ်ဆီးကပါ မာဒရစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အာဆင်နယ် ကစားသမားဟောင်း တဦး ဖြစ်သူ ဂါးလက်စ်ကတော့ ဈေးကြီးပေးကာ ဝယ်ရမယ့် မာဒရစ်ခ်ကို ခေါ်ယူမယ့် အစား အန်ခီးတီးယားကိုသာ ယုံကြည်မှု ပေးကာ ပျိုးထောင်ပေးသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ဂါးလက်စ်က – “ကျွန်တော်ကတော့ အာဆင်နယ်က မာဒရစ်ခ်ကို ဒုတိယ ရာသီဝက် အတွက် တကယ် လိုရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။ သူတို့ကတော့ လိုတယ်လို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။ ဘောလုံးရာသီ တခုက တကယ်ကို ရှည်လျားပါတယ်။ ဒါပေမယ့် အာတီတာရဲ့ လူစာရင်းထဲမှာ ကစားသမားကောင်းတွေလည်း ရှိနေပါသေးတယ်။ အထူးသဖြင့် မာဒရစ်ခ် ကစားနေတဲ့ နေရာမှာ ကောင်းကောင်း ကစားနိုင်တဲ့ အန်ခီးတီးယားလို ကစားသမားမျိုး ရှိနေပါတယ်။ အာတီတာက သူ့ကို ယုံကြည်မှု ပေးသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အာဆင်နယ်မှာ မရှိတော့လို့ သူတို့တွေ ဘာကြောင့် မာဒရစ်ခ်ကို ခေါ်ချင်သလဲ ဆိုတာကို အတိအကျတော့ မသိပါဘူး။ တကယ်လို့ သူတို့က မာဒရစ်ခ်ကို ခေါ်ခဲ့တယ် ဆိုရင်လည်း သူတို့တွေ တကယ် လိုအပ်လို့ နေမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။