ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ တိုက်စစ်မှူးသစ် ကိုဒီ ဂတ်ပိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၂-၀ အဲဗာတန် မာ​ဆေးဆိုဒ်ဒါဘီပွဲမှာ အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးရင်း သူ့ရဲ့ လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့မှာ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီ ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက လီဗာပူးနဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: 90 Min

ဂတ်ပိုက ပီအက်စ်ဗွီမှာ တောက်လျှောက် ဂိုးတွေ သွင်းခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နယ်သာလန်နဲ့အတူ တောက်ပခဲ့တာကြောင့် လီဗာပူးဆီ ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြကာ သွင်းဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာ ဂတ်ပိုက လီဗာပူးရဲ့ ကစားကွက်နဲ့ အသားကျဖို့ အချိန်ယူခဲ့ရပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၂-၀ အဲဗာတန် မာဆေးဆိုဒ်ဒါဘီမှာတော့ ဂတ်ပိုက ပီအက်စ်ဗွီမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရရှိခဲ့ပြီး အသင်းအတွက် ပွဲချိန် ၄၉မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ တဆင့် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော်တွေ အတွက် အခွင့်အရေး ၂ကြိမ်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

လီဗာပူး ၂-၀ အဲဗာတန် ပွဲအပြီးမှာတော့ ဂတ်ပိုက လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့လို့ အတော်လေး ပျော်ရွှင်နေပြီး သူ့ကို သွင်းဂိုးရအောင် ဖန်တီးပေးခဲ့တဲ့ အသင်းဖော် ညာနောက်ခံလူ အာနိုးလ်ကိုလည်း ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။

ဂတ်ပိုက – “ကျွန်တော်က (ဂိုးသွင်းနိုင်ဖို့) အချိန်ပိုကြာကြာ စောင့်ခဲ့ရပေမယ့် အဆုံးသတ်မှာတော့ သွင်းဂိုး သွင်းယူနိုင်ခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ လီဗာပူးအတွက် နောက်ထပ် သွင်းဂိုးတွေ အများကြီး သွင်းယူပေးဖို့ပါ။ ကျွန်တော်တို့အတွက် ပိုပြီး အရေးကြီးတာက အသင်းဟာ ၂၀၂၃ခုနှစ်ရဲ့ ပထမဦးဆုံးနိုင်ပွဲကို ရခဲ့တာပါပဲ။ လူတိုင်းက ကျွန်တော်တို့တွေ နည်းနည်းလေး ရုန်းကန်နေရတာကို သိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရလဒ်ကောင်းတွေ ရယူဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ရှိသလို ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်ပစ်ပါမယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် ပထမဦးဆုံး ခြေလှမ်းပါပဲ။ သွင်းဂိုးအတွက် ပြောရရင် အဲ့ဒါက ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ တိုက်စစ်ဆင်မှု တခု ဖြစ်ခဲ့တာပါ။ ဘောလုံးက ကျွန်တော့်ဆီ ရောက်လာတာ ဖြစ်ပြီး ကျွန်တော်က အသာအယာ ပိတ်သွင်းလိုက်ဖို့ပဲ လိုခဲ့တာပါ။ အာနိုးလ်ရဲ့ အံ့မခန်း ပေးပို့မှုကြောင့်သာ ကျွန်တော်က ဂိုးသွင်းနိုင်ခဲ့တာပါ။ ကျေးဇူးပါ အာနိုးလ်ရေ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။