ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဂါဘရီရယ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၅-၀ ခရစ္စတယ် ပဲလေ့စ် ပွဲမှာ လူစားဝင်လာပြီး ပွဲရဲ့ နောက်ဆုံး ၂မိနစ်မှာ ၂ဂိုးဆက်တိုက် သွင်းယူခဲ့တဲ့ အသင်းဖော် တိုက်စစ်မှူး မာတီနယ်လီဟာ နောက်ထပ် ၁မိနစ်သာ ထပ်ကစားခွင့် ရရင် ဟက်ထရစ် ရလိမ့်မယ်လို့ ပွဲပြီးအင်တာဗျူးမှာ အရွှန်းဖောက် ပြောကြားသွားခဲ့ပါတယ်။

ဂါဘရီရယ်နဲ့ မာတီနယ်လီတို့ရဲ့ အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ယမန်နေ့ညမှာ မြို့ခံပြိုင်ဘက် ပဲလေ့စ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ သူတို့နှစ်ဦးရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Squawka

အာဆင်နယ်နဲ့ ပဲလေ့စ်တို့ ပွဲစဉ်မှာ ဂါဘရီရယ်က ဆာလီဘာနဲ့ တွဲဖက်ကာ အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး သူက ပွဲချိန် ၁၁မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးကို လှလှပပ ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သလို ပွဲချိန် ၃၇မိနစ်မှာလည်း သူ့ရဲ့ ခေါင်းတိုက်ချက်ကြောင့် အာဆင်နယ်ဟာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ ရရှိခဲ့ပါတယ်။

မာတီနယ်လီကတော့ ပွဲချိန် ၆၉မိနစ်မှာမှ အာဆင်နယ်ရဲ့ တတိယမြောက် အနိုင်ဂိုးရှင် ထရော့ဆက်နဲ့ လူစားလဲကာ ဝင်ရောက် ကစားခွင့် ရခဲ့သူ ဖြစ်ပြီး ပွဲချိန် မိနစ် ၂၀ကျော်သာ ကစားခဲ့ရပေမယ့် မာတီနယ်လီက ပွဲချိန် ၉၀+၄မိနစ်နဲ့ ၉၀+၅မိနစ်တို့မှာ အာဆင်နယ် အတွက် အနိုင်ဂိုး ၂ဂိုးကို ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Team Talk

မာတီနယ်က ၂ဂိုးဆက် သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယမြောက်ဂိုး သွင်းပြီးပြီးချင်းမှာပဲ ပွဲချိန်ပြည့်သွားခဲ့တာကြောင့် ဟက်ထရစ် မရခဲ့ပဲ ဂါဘရီရယ်ကတော့ မာတီနယ်လီဟာ နောက်ထပ် ၁မိနစ်သာ ထပ်ကစားခွင့် ရရင် ဟက်ထရစ်တောင် ရသွားနိုင်ကြောင်း အရွှန်းဖောက် ပြောဆိုသွားခဲ့ပါတယ်။

ဂါဘရီရယ်က – “ကျွန်တော်က မာတီနယ်လီ အတွက် အရမ်းပျော်နေပါတယ်။ တကယ်လို့ သူ့မှာသာ နောက်ထပ် အချိန် ၁မိနစ် ကျန်သေးရင် သူက ဟက်ထရစ် ဖြစ်မယ့် တတိယဂိုးကို သွင်းယူနိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။