ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး နည်းပြဟောင်း ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို ဒီနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားဖို့ လက်ခံခဲ့ပြီးနောက် အသင်းဆီ ပြန်လာခဲ့ရာ အခုဆိုရင် ဘယ်နည်းပြမှ မရရှိထားသေးတဲ့ တစ်ခုတည်းသော စံချိန်ကိုပါ ပိုင်ဆိုင်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Football London

အဲ့ဒီစံချိန်ကတော့ ပထမဆုံး (၄)ပွဲဆက်တိုက်အထိ ရာနှုန်းပြည့် ရှုံးပွဲတွေ့ထားခဲ့ရတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကို တည်ထောင်ခဲ့တဲ့ ၁၉၀၅ခုနှစ်ကနေ အခု ၂၀၂၃ခုနှစ် (၁၁၈)နှစ်တာ ကာလအတွင်းမှာ နည်းပြလမ်းပတ်က သူရဲ့ ကနဦး (၄)ပွဲဆက်တိုက်လုံးကို ပထမဆုံးသော နည်းပြတစ်ဦးအဖြစ် စံချိန်တင်သွားခဲ့ရပါတယ်။ နည်းပြဘဝအတွင်း ဒါဘီ ချဲလ်ဆီး အဲဗာတန်တို့မှာ နည်းပြခဲ့ဖူးသူ လမ်းပတ်ဟာ ကစားသမားဘဝမှာ အောင်မြင်ခဲ့သလောက် နည်းပြဘဝမှာတော့ ရုန်းကန်နေခဲ့ရပြီး အခုဆိုလည်း ချဲလ်ဆီးမှာ ဘယ်နည်းပြကမှ မလိုချင်တဲ့ စံချိန်ဆိုးတစ်ခုကို လက်ဝယ် ပိုင်ဆိုင်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Football365

တကယ်တော့ ချဲလ်ဆီးအသင်းဟာ လမ်းပတ်လက်အောက်မှာ ပြောင်းလဲ တိုးတတ်မှုတွေ အနည်းငယ် ရှိလာခဲ့ရပေမယ့်လည်း တိုက်စစ်ပိုင်းက အဆုံးသတ် အားနည်းတာနဲ့ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု မပြောင်းလဲလာတာတွေက အသင်းအပေါ် အတော်လေး သက်ရောက်မှု ရှိစေခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဝုလ်ဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့ စုစုပေါင်း (၄)ပွဲမှာ (၇)ဂိုးပေး (၁)ဂိုးသာ ပြန်သွင်းပြီး (၄)ပွဲလုံး အရေးနိမ့်ခဲ့ရကာ ဖလားလက်မဲ့ရာသီပါ ဖြစ်သွားခဲ့ရပါပြီ။

Photo Credit : Football365

ဒီလို အခြေအနေမျိုး ရှိနေပေမယ့်လည်း ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေကတော့ လမ်းပတ်ကိုသာ ရာသီကုန်အထိ ယာယီနည်းပြတာဝန် ဆက်လက် ပေးထားဦးမှာဖြစ်ပြီး လမ်းပတ်ဘက်ကလည်း လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူပြနိုင်ဖို့ အမြင့်ဆုံး မျှော်မှန်းလို့ ရနိုင်တဲ့ ကွန်းဖရန့်စ်လိဂ်ဝင်ခွင့် ရရှိနိုင်ဖို့ လုပ်ဆောင်ရပါတော့မယ်။ ဒါပေမယ့် သူတို့ ရင်ဆိုင်သွားရမယ့် အသင်းတွေထဲမှာ အာဆင်နယ် မန်စီးတီး နယူးကာဆယ် မန်ယူနိုက်တက်တို့လို အသင်းတွေ ပါဝင်နေတာက ချဲလ်ဆီးအတွက်ရော လမ်းပတ်အတွက် မျက်ခုံးလှုပ်ချင်စရာ ဖြစ်လာနိုင်ပါတယ်။