၂၀၂၂ကာတာမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အာဂျင်တီးနားက ခရိုအေးရှားကို (3-0) နဲ့ အနိုင်ရ ပြင်သစ်က မော်ရိုကို ကို (2-0) နဲ့ အနိုင်ရပြီး ဖိုင်နယ်အဆင့်တွေဆီ အသီးသီး တတ်လှမ်းသွားခဲ့ရပါတယ်။ ကမ္ဘာ့ထိပ်တန်း အင်အားကြီး အသင်းနှစ်သင်းရဲ့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ တွေ့ဆုံနေမှုက ဘောလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေရပြီး ဒီပွဲနဲ့ ပတ်သတ်လို့ ခန့်မှန်းသုံးသပ်မှုတွေဟာလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Yahoo! Sports

တောင်အမေရိကထိပ်တန်း အာဂျင်တီးနားက ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲကို (၆)ကြိမ် တတ်လှမ်းနိုင်ခဲ့ပြီး (၂)ကြိမ် ချန်ပီယံ ဖြစ်ထားခဲ့သလို ပြင်သစ်ကလည်း ဗိုလ်လုပွဲဆီ (၄)ကြိမ် တတ်လှမ်းထားခဲ့ရာ (၂)ကြိမ် ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ဒီတစ်ကြိမ် ဗိုလ်စွဲမယ့် အသင်းက ဘရာဇီးလ်(၅ကြိမ်) ဂျာမနီ(၄ကြိမ်) အီတလီ(၄ကြိမ်)တို့နောက် ကမ္ဘာ့ဖလားကို (၃)ကြိမ်မြောက် ပိုင်ဆိုင်နိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားမှာလည်း ဖြစ်ပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနား ဘာပေရဲ့ ပြင်သစ်တို့ ထိပ်တိုက် တွေ့ဆုံနေမှုက ဒီနှစ်သင်းရဲ့ ပရိသတ် မဟုတ်ရင်တောင် ကမ္ဘာ့ဘောလုံးပရိသတ်တွေအတွက်တော့ လုံးဝကို ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲကြီးပွဲကောင်း ဖြစ်နေမှာပါ။

Photo Credit : Sports Brief

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ဗြိတိန်ရဲ့ နာမည်ကြီး ရုပ်သံတင်ဆက်သူ အာဆင်နယ် အမာခံပရိသတ်ကြီး ပီယာ့စ်မော်ဂန်က သူ့အနေနဲ့တော့ ပြင်သစ်က အာဂျင်တီးနားကို ဖိုင်နယ်မှာ အနိုင်ယူပြီး ကမ္ဘာ့ဖလားရဲ့ နှစ်ကြိမ်ဆက် ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ “ဖိုင်နယ် ခန့်မှန်းချက်ကတော့ ပြင်သစ်တို့ အနိုင်ရသွားပြီး မက်ဆီရဲ့ အသည်းကို ခွဲသွားပါလိမ့်မယ်” လို့ မော်ဂန်က talkSPORT မှာ ခန့်မှန်း ပြောကြားခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အလွန် နှစ်သက်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း ရော်နယ်လ်ဒိုနဲ့အတူ အင်တာဗျူး အစီအစဉ် ပြုလုပ်ခဲ့သေးတဲ့ မော်ဂန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘောလုံးလောကရဲ့ အမြဲတမ်း အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ခဲ့ရာ မက်ဆီကို top 3 စာရင်းထဲတောင် ထည့်သွင်းခြင်းမရှိပဲ ခရစ္စတီယာနိုရော်နယ်လ်ဒို ဒီယေဂိုမာရာဒိုနာနဲ့ ရော်နယ်လ်ဒိုနာဇာရီယိုတို့ကိုသာ top 3 တွေအဖြစ် ရွေးချယ်ခဲ့သလို မက်ဆီကိုတော့ အဆင့်(၄)နေရာမှာပဲ နေရာပေးခဲ့ပါသေးတယ်။