ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖီးလ် ဖိုဒန်က သူတို့အသင်းဟာ တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပရီးမီးယားလိဂ် အပိတ်ပွဲမှာ ပြိုင်ဘက် ဝက်စ်ဟမ်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို (၄)နှစ်ဆက် ရယူနိုင်တဲ့ ပထမဦးဆုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူမယ်လို့ ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။

ဖိုဒန်ရဲ့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ်နဲ့ ယှဉ်ပြိုင်နေရပြီး မန်ချက်စတာ စီးတီးဟာ ပရီးမီးယားလိဂ်ပွဲ (၁)ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ အာဆင်နယ်ထက် ရမှတ် ၂မှတ် အသာရနေတာကြောင့် ရာသီပိတ်ပွဲ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာသာ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ဆုဖလားကို ရယူ ဆွတ်ခူးနိုင်မှာပါ။

Photo Credit: Standard

မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ရမှတ် (၂)မှတ် အသာရနေပေမယ့် ဂိုးကွာခြားချက်မှာ ၁ဂိုး လျော့နည်းနေတာကြောင့် ဝက်စ်ဟမ်းကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်ပြီး မထင်မှတ်ပဲ သရေ (သို့) အရှုံး ဆိုတဲ့ ရလဒ်မျိုး ရလာခဲ့ရင် ပြိုင်ဘက် အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက် ရယူသွားမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာနဲ့ စီးတီးရဲ့ ကစားသမားတွေက ဝက်စ်ဟမ်းကို အနိုင်ယူကာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံဖို့ အစွမ်းကုန် ကြိုးစား ပြင်ဆင်နေကြပြီး ဒီရာသီမှာ စီးတီးရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ ဖိုဒန်ကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို (၄)နှစ်ဆက် ရယူကာ သမိုင်းသစ် ရေးထိုးဖို့ အရာအားလုံး ပေးဆပ် ကစားသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Manchester City

ဖိုဒန်က – “ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ (၄)နှစ်ဆက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ဖို့ အတွက် ကျွန်တော်တို့က အရာအားလုံး ပေးဆပ် ကစားသွားမှာပါ။ (၄)နှစ်ဆက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်က ကျွန်တော်တို့ အတွက် အများကြီး အဓိပ္ပါယ် ရှိပါတယ်။ အဲ့ဒါက သမိုင်းကြောင်းပါပဲ။ နောက်ထပ်အသင်း တသင်းက ဒီလိုမျိုး အရာကို လုပ်ပြနိုင်ဖို့ ဆိုတာ မလွယ်တော့ပါဘူး။ ကျွန်တော်တို့က အဲ့ဒီဂုဏ်ပုဒ်ရဲ့ အဓိပ္ပါယ်ကို နားလည်ပါတယ်။ ဒါကြောင့်လည်း (၄)နှစ်ဆက် ချန်ပီယံ ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ စီးတီးက ၂၀၂၀-၂၀၂၁ ၊ ၂၀၂၁-၂၀၂၂ ၊ ၂၀၂၂-၂၀၂၃ စတဲ့ ဘောလုံးရာသီ (၃)ခုဆက်တိုက် မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး ၊ အာဆင်နယ် စတဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်ထားနိုင်ပြီး ယခုနှစ်မှာသာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထပ်မံ ဗိုလ်စွဲမယ် ဆိုရင် (၄)နှစ်ဆက် ချန်ပီယံ ဖြစ်တဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန် ရယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။