ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရစ္စတိုးလ် ၀-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက အက်ဖ်အေဖလား ၁၆သင်းအဆင့် ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲမှာ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဖိုဒန် ၊ အယ်ဗာရက်ဇ်နဲ့ ကယ်ဗင်ဖီးလစ်တို့ကို နေရာပေးကာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့် အကဲခတ်ခဲ့ပါတယ်။

Photo Credit: Sky Sports

အရန် ကစားသမား တချို့နဲ့ ပွဲထွက်လာခဲ့ပေမယ့် ကစားသမားတွေရဲ့ အရည်အသွေး ကွာဟချက် ကြီးမားမှုကြောင့် မန်ချက်စတာ စီးတီးကပဲ ပွဲစပွဲဆုံး အိမ်ရှင် ဘရစ္စတိုးလ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ပွဲချိန် ၇မိနစ်နဲ့ ၇၄မိနစ်မှာ ဖိုဒန် ၊ ပွဲချိန် ၈၁မိနစ်မှာ ဒီဘရိုင်းတို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

ဘရစ္စတိုးလ် ၀-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုး သွင်းယူပေးကာ သူရဲကောင်း ဖြစ်ခဲ့တဲ့ ဖီးလ် ဖိုဒန်ကတော့ သူ့ရဲ့ ကစားသမား ဘဝ တလျှောက် အနိမ့်ပါးဆုံးအချိန်လို့ ပြောရမယ့် အခုလို အခုချိန်မျိုးမှာ အသင်းအတွက် ဂိုးတွေ ပြန်သွင်းပေးနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်မိကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ဖိုဒန်က – “ကျွန်တော့်ရဲ့ ခြေစွမ်းပိုင်းက ပိုကောင်းလာတယ်လို့ ခံစားနေရပါတယ်။ ဂိုးတွေ ပြန်သွင်းနိုင်ခဲ့လို့လည်း ပျော်ရွှင်နေပါတယ်။ ကျွန်တော်က အခုချိန်မှာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီ ဖြစ်သလို ဘောလုံးကစားရတာလည်း သက်တောင့်သက်သာ ရှိနေပါတယ်။ ဒါကြောင့် အသင်းအတွက် ဖြစ်နိုင်သမျှ များများ ကူညီပေးနိုင်ဖို့ အဆင်သင့်ပါပဲ။ အခုချိန်က ကျွန်တော့်ရဲ့ ဘောလုံးသမား ဘဝတလျှောက် အနိမ့်ပါးဆုံး အခိုက်အတန့် တခုပါ။ ဒါပေမယ့် ဘောလုံးသမားတိုင်းက ဒီလိုမျိုး အခိုက်အတန့်တွေကို ကျော်ဖြတ်ရတတ်ပါတယ်။ ကျွန်တော့်ရဲ့ ခြေထောက်မှာ ရှိနေတဲ့ ဒဏ်ရာကြောင့် အချိန်အတော်ကြာအောင် မသက်မသာ ဖြစ်ခဲ့ရသလို ပွဲထွက်ခွင့်တွေလည်း များများစားစား မရခဲ့ပါဘူး။ ကျွန်တော်က ဘောလုံးကစားရတာကို ချစ်ပါတယ်။ ဒါကြောင့် ပွဲထွက်ခွင့် မရတဲ့ အခါတိုင်း စိတ်ညစ်မိတာတော့ အမှန်ပါ”