ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ရထားတဲ့ ဘရာဇီးလ် ဝါရင့် တိုက်စစ်မှူး ဖာမီနိုက ဆော်ဒီကလပ် အယ် အာလီဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုက ၂၀၁၅ခုနှစ်မှာ ဟော့ဖန်ဟိမ်း ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Goal

ရော်ဘတ်တို ဖာမီနိုက လီဗာပူးအတွက် ၈နှစ်ကြာအောင် ပါဝင် ကစားပေးခဲ့ရာ ပြိုင်ပွဲစုံမှာ ၃၆၂ပွဲ ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇၉ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဆုဖလား ၇လုံးလည်း ရရှိခဲ့ပါတယ်။

ဖာမီနိုက ယခုချိန်အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေမယ့် လီဗာပူးက နူနက်ဇ် ၊ ဂတ်ပို စတဲ့ လူငယ်တိုက်စစ်မှူးတွေကို ခေါ်ယူပြီးပြီ ဖြစ်တာကြောင့် ဖာမီနိုကို စာချုပ်သက်တမ်း မတိုးဖို့ စီစဉ်ခဲ့ပြီး ဖာမီနိုကလည်း စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ လီဗာပူးဆီ ကနေ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Bein Sports

လက်ရှိမှာတော့ စီးရီးအေကလပ်တွေ ၊ မေဂျာလိဂ်ကလပ်တွေနဲ့ ဂျာမန်ကလပ်တွေက ဖာမီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြပြီး ဖာမီနိုရဲ့ ကိုယ်စားလှယ်တွေက သူတို့ကစားသမား အတွက် ရောက်လာတဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံ ဆွေးနွေးနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ် အယ် အာလီက ဖာမီနိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုတွေ အားလုံးက အပေါင်းလက္ခဏာ ဆောင်ခဲ့တာကြောင့် ဖာမီနိုကသာ အယ် အာလီဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ရင် အပြောင်းအရွှေ့က ပြီးပြတ်တော့မယ်လို့ သိရှိရပါတယ်။