ဖီအိုရင်တီးနားအသင်းဟာ ဒီနွေကမှ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ အငှားချထားတဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန် အမ်မရာဘတ်ရဲ့ လက်ရှိ အခြေအနေတွေကြောင့် တန်ကြေး ကျဆင်းလာမှာကို စိုးရိမ်လျက် ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ မော်ရိုကိုအသင်းနဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား အမ်မရာဘတ်ဟာ အဲ့ဒီရာသီမှာပဲ ဖီအိုရင်တီးနားအသင်းနဲ့အတူ ယူရိုပါ ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်အထိပါ တက်လှမ်းနိုင်ခဲ့ပါသေးတယ်။

Photo Credit : FC Barcelona Noticias

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ အမ်မရာဘတ်ကို ယူနိုက်တက်အသင်းကနေ ပေါင် (၈.၅)သန်းတန် တစ်ရာသီ အငှားစာချုပ် + ပေါင် (၂၁.၄)သန်း အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူပြီး ကွင်းလယ်ပိုင်းအတွက် အားဖြည့်တင်းခဲ့ပါတယ်။

ဒါပေမယ့် အမ်မရာဘတ်က ယူနိုက်တက်အသင်းမှာ အံ့ဝင်ခွင်ကျ မဖြစ်ခဲ့ပဲ ခြေစွမ်းပြဖို့ပါ ရုန်းကန်ခဲ့ရပြီး မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း လူစားဝင် ကစားခွင့်ရရင်း သူရဲ့အမှားကနေ အာလင်း ဟာလန်းရဲ့ တတိယဂိုးကိုပါ ခွင့်ပြုလိုက်ရပြီးနောက် သူ့အပေါ်မှာ ဝေဖန်မှုတွေ ပိုများလာခဲ့ပါတယ်။

Photo Credit : United in Focus

လက်ရှိမှာ အကယ်ဒမီထွက် လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိန်နူးရဲ့ နောက်မှသာ ပွဲကစားခွင့်ရနေတဲ့ အမ်မရာဘတ်ကို ယူနိုက်တက်အသင်းက အငှားသက်တမ်း ကုန်ဆုံးချိန်မှာ အပြီးသတ် ခေါ်ယူဖို့အထိ ဆန္ဒမရှိတော့ပဲ ဖီအိုရင်တီးနားအသင်းထံသာ ပြန်လည် ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဖီအိုရင်တီးနားအသင်းက သူတို့ကစားသမား အမ်မရာဘတ်ကို အခြားအသင်းတွေဆီ ပြန်လည် ရောင်းချရမှာ အမ်မရာဘတ်ရဲ့ တန်ကြေးက အလွန်အမင်း ကျဆင်းသွားမှာကို စိတ်ပူလျက် ရှိနေပြီး လက်ရှိမှာတော့ အမ်မရာဘတ်ရဲ့ တန်ကြေးဟာဆိုရင် ယူရို (၂၈)သန်း ရှိနေပါတယ်။