နာမည်ကြီး ဘောလုံး pundit တစ်ဦးဖြစ်တဲ့ ခရစ် ဆပ်တန်ကတော့ ဘရူနို ဖာနန်ဒက်စ်သာ မန်စီးတီး ကစားသမားတစ်ယောက် ဖြစ်နေမယ်ဆိုရင် သူ့ရဲ့ ဘောလုံးအရည်အသွေးနဲ့ ကွင်းလယ်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မန်စီးတီးရဲ့ ပွဲထွက်စာရင်းကိုတောင် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဖာနန်ဒက်စ်က ယူနိုက်တက်အတွက် တကယ့်ကို မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာတော့ ခြေစွမ်းကျဆင်းနေပြီး မလိုလားအပ်တဲ့ ဟန်ဆောင် ဒိုင်ဗင်ထိုးမှုတွေကြောင့် ဝေဖန်ခံနေရပါတယ်။

Photo Credit : Goal

ဒါပေမယ့် ခြေစွမ်းမပြသည့်တိုင် နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ ဖာနန်ဒက်စ်ကို ပွဲကစားခွင့် အပြည့်အဝ ပေးထားပြီး လူစားလဲလှယ်မှုတွေတောင် ပြုလုပ်ခြင်း မရှိတဲ့အပေါ် ယူနိုက်တက် ပရိသတ်ကိုယ်တိုင်ကပါ စိတ်ပျက်နေကြရပါတယ်။ အခု ခရစ် ဆပ်တန်ကပါ ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး မှတ်ချက်စကားတွေ ပြောဆိုလာခဲ့ပါတယ်။

“ဘရူနိုသာ မန်စီးတီးအသင်းမှာ ရှိနေမယ်ဆိုရင် မန်စီးတီး ကွင်းလယ်မှာ ဒီဘရိုင်း ရိုဒရီ ဘာနာဒိုဆေးလ်ဗား ဖိုဒန်တို့လို ရှိနေတာဖြစ်လို့ ဒီကစားသမားတွေထက် ဘရူနိုက ပိုကောင်းမယ်လို့လည်း ကျွန်တော် မထင်မိပါဘူး။ အဲ့ဒါကြောင့် သူက အရန်ခုံမှာပဲ ထိုင်နေရလိမ့်မယ်။”

Photo Credit : Daily Mail

“ဘာကြောင့်လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပါဝင်နေကြတဲ့ ကစားသမား တော်တော်များများကိုသာ မန်စီးတီးအသင်းဆီ ပို့ဆောင်လိုက်မယ်ဆိုရင် အဲ့ဒီကစားသမားတွေက မန်စီးတီးမှာ ဘယ်လိုမှ နေရာမရနိုင်လောက်ပါဘူး။ ဘရူနိုကလည်း ကစားသမားကောင်းတစ်ဦး ဆိုပေမယ့်လည်း ခုဏက ဖော်ပြထားတဲ့ ကွင်းလယ်လူတွေထက်တော့ သူက ပိုပြီး မကောင်းနိုင်ပါဘူး။” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇)မှာတော့ မန်စီးတီးနဲ့ မန်ယူနိုက်တက်အသင်းတို့ မန်ချက်စတာဒါဘီအဖြစ် ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ပြီး ဒီပွဲစဉ်ကလည်း နှစ်သင်းလုံးအတွက် အတော်လေးကို အရေးကြီးလျက် ရှိနေရပါတယ်။