ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလကနေ အခု ၂၀၂၃ စက်တင်ဘာလအတွင်း ကလပ်အသင်း နဲ့ လက်ရွေးစင်အသင်းတွေအတွက် ပွဲအများဆုံး ကစားပေးထားရတဲ့ ကစားသမား (၁၀)ဦးစာရင်းကို ထုတ်ပြန်လာခဲ့ရာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ (၁၂)လတာအတွင်း မန်ယူနိုက်တက်အသင်း နဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းတို့အတွက် စုစုပေါင်း (၇၂)ပွဲတောင် ကစားပေးခဲ့သလို သူရဲ့ ပွဲကစားချိန်ဟာလည်း မိနစ်ပေါင်း (၆၆၆၆)မိနစ်အထိ ရှိခဲ့ရပါတယ်။

Photo Credit : The Sun

အသက် (၂၉)နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ စပို့တင်း လစ္စဘွန်းကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာကတည်းက ယူနိုက်တက်ရဲ့ အရေးအပါဆုံး ကစားသမားအဖြစ် ပွဲအရေအတွက် များစွာ ပါဝင်ကစားခဲ့ရပါတယ်။

ဒါ့အပြင် ပေါ်တူဂီအတွက်လည်း အဓိက နေရာကနေ ပါဝင်လာခဲ့ရတာကြောင့် ဖာနန်ဒက်စ်က ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ပွဲဆက်များစွာ ကစားပေးခဲ့ရသူ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Sun

ဖာနန်ဒက်စ်လိုပဲ ကလပ်အသင်း နဲ့ နိုင်ငံအသင်းတွေအတွက် ပွဲအများဆုံး ကစားထားရတဲ့ ကစားသမားတွေထဲမှာ ရိုဒရီဂို ပွဲ(၇၀) ရိုဒရီ (၆၈)ပွဲ လော်တာရိုမာတီနက်ဇ် (၆၈)ပွဲ မိုဒရစ် (၆၈)ပွဲ ကာမာဗင်ဂါ (၆၈)ပွဲ ဘာနာဒိုဆေးလ်ဗား (၆၇)ပွဲ ဂူစတာဗိုဂိုးမက်ဇ် (၆၇)ပွဲ ရပ်ရှ်ဖို့ဒ် (၆၇)ပွဲ ဘာရယ်လာ (၆၆)ပွဲ အကန်ဂျီ (၆၆)ပွဲ အာရီယက်စ် (၆၆)ပွဲ ချူယာမန်နီ (၆၆)ပွဲ အယ်လ်ဗာရက်ဇ် (၆၆)ပွဲ နဲ့ ကက်စတယ်လာနို့စ် (၆၆)ပွဲတို့ ပါဝင်နေပါတယ်။

ဘောလုံးရာသီတစ်ခုအတွင်း ကစားသမားတွေရဲ့ ပွဲထွက်ကစားပေးရတဲ့ ပွဲအရေအတွက်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက သိသိသာသာ များပြားလာသလို ကစားရတဲ့ ပွဲချိန်မိနစ်တွေဟာဆိုရင်လည်း အလွန် မြှင့်တက်လာခြင်းဟာ စိုးရိမ်စရာ ဖြစ်စေရတယ်လို့ FIFPRO ကနေ သုံးသပ်ထားပါတယ်။