မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ အာဆင်နယ်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီးနောက် ယူနိုက်တက် ကစားသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်းကိုပါ ကျော်တက်သွားခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီကမှ စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အခုဆိုရင် ယူနိုက်တက် ကစားသမားဘဝ (၅)နှစ်တာ အချိန်အတိုင်းအတာအထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း ဖာနန်ဒက်စ်က သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ပေါ်တူဂီလူမျိုး ရူဘင် အမော်ရင် လက်အောက်မှာပါ ကစားနေရပါတယ်။

Photo Credit : United in Focus

အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရတဲ့အပြင် အသင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်ပေးနေပြီး မနေ့ညက အာဆင်နယ်နဲ့ ပွဲစဉ်မှာပါ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကိုရော ပထမဆုံး ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှုကိုလည်း အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။

အခုဆိုရင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကစားသမားဘဝ (၅)နှစ်တာ ကာလအတွင်းမှာ အသင်းအတွက် သွင်းယူပေးခဲ့တဲ့ စုစုပေါင်း ဂိုးပမာဏက (၈၆)ဂိုးအထိတောင် ဖြစ်လာခဲ့ရပြီး ဒါဟာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်းရဲ့ (၈၅)ဂိုးကိုပါ ကျော်ဖြတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

အခုဆိုရင် ဖာနန်ဒက်စ်က ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းထဲမှာ အဆင့်(၂၁)အထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူရဲ့ အသင်းဖော်ဟောင်း မာရှယ်ကတော့ ဂိုး(၉၀)နဲ့ အဆင့်(၂၀) နေရာမှာ ရှိနေပါတယ်။ လက်ရှိ ယူနိုက်တက် ကစားသမားတွေထဲမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်က သွင်းဂိုး (၁၃၈)ဂိုးအထိ သွင်းယူထားပြီး အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်အတွက် သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားကြီးကတော့ မကြာသေးခင်ကမှ ပလိုင်းမောက်အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ ဝိန်း ရွန်းနီဖြစ်ပြီး စုစုပေါင်း (၂၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။