ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်သလို အဓိက ကွင်းလယ်လူလည်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၀-၀ ဘရိုက်တန် ပွဲစဉ်မှာ ရခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် ရက်အနည်းငယ် အနားယူရတော့မယ်လို့ သိရပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်က စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ မပါဝင်တဲ့ ပွဲတွေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ သိသိသာသာ အားနည်းသွားတတ်ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ဖာနန်ဒက်က မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့် ရခဲ့တာ ဖြစ်ပြီး ဖာနန်ဒက်က ပွဲအစပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ခြေထောက်ဒဏ်ရာ ရရှိပြီးနောက် လက်ကျန် ပွဲကစားချိန်တွေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဘရူနို ဖာနန်ဒက်က ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာနဲ့ ဘောလုံးယှဉ်လုရင်း ညာဘက်ခြေဖဝါးမှာ ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆေးအဖွဲ့က သူ့ကို ဒဏ်ရာကြောင့် လူစားလဲဖို့ ပြောခဲ့ပေမယ့် ဖာနန်ဒက်ကတော့ အသင်းအတွက် ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့သလို အချိန်ပို ၁၀၁မိနစ်ကို ရောက်မှသာ အသင်းဖော် ဗက်ဟို့စ်နဲ့ လူစားလဲခဲ့ပါတယ်။

Photo Credit: Anna Pinho

မန်ချက်စတာ ယူနိုက်တက် ၀-၀ ဘရိုက်တန် ပွဲအပြီးမှာတော့ ဘရူနို ဖာနန်ဒက်က သူ့ရဲ့ ဒဏ်ရာအတွက် လိုအပ်တဲ့ ကုသမှုတွေ ခံယူခဲ့ရပြီး လက်ရှိမှာတော့ ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ လေ့ကျင့်ခန်း မဆင်းနိုင်သေးပဲ အိမ်မှာသာ အနားယူနေရပါတယ်။

ဘရူနို ဖာနန်ဒက်ရဲ့ ဇနီးသည် ဖြစ်သူ အန်နာ ပင်ဟိုကတော့ ယနေ့မနက် အစောပိုင်းမှာပဲ ဘရူနို တယောက် ခြေထောက်ကို ရေခဲအိတ်နဲ့ ကပ်ထားရတဲ့ ဓာတ်ပုံ တပုံကို သူမရဲ့ လူမှုကွန်ယက်မှာ တင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက အဆိုပါဓာတ်ပုံကြောင့် ဘရူနို အတွက် စိုးရိမ်နေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ ဘရူနို ဖာနန်ဒက်ရဲ့ ဒဏ်ရာဟာ အသေးစားဒဏ်ရာသာ ဖြစ်ပြီး ဖာနန်ဒက်ဟာ အလွန်ဆုံး ရက်သတ္တပတ် ၁ပတ် ဝန်းကျင်သာ အနားယူရနိုင်ကြောင်း သိရပါတယ်။