ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့တဲ့ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး နည်းပြ ၅၀ဦး စာရင်းမှာ နံပါတ်၁ နေရာကို ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၈၀ အရွယ် ဆာအဲလက်စ် ဖာဂူဆန်က စကော့တလန်လူမျိုး ဖြစ်ပြီး သူဟာ ကစားသမား ဘဝမှာ စကော့တလန် လက်ရွေးစင် အဖြစ် ယှဉ်ပြိုင် ကစားခွင့် ရခဲ့သလို နည်းပြလောကထဲ ဝင်ရောက်ချိန်မှာလည်း အဘားဒင်း ၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

ဆာအဲလက်စ် ဖာဂူဆန်က အဘားဒင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ ရလာခဲ့တဲ့ ဥရောပ ဖလားတလုံး ၊ ဥရောပ စူပါဖလား တလုံး အပါအဝင် ဆုဖလား ၁၀လုံး အထိ ရယူနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်ကို ဆယ်စုနှစ် ၂စုကျော် တာဝန်ယူ ကိုင်တွယ်ခဲ့ရာမှာလည်း ဆုဖလား ၃၈လုံး အထိ ရရှိခဲ့ပါတယ်။

သူ့ရဲ့ အံ့မခန်း စွမ်းဆောင်မှုကြောင့်ပဲ ဗြိတိန်အစိုးရက ဖာဂူဆန်ကို ဗြိတိန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ဘွဲ့တံဆိပ် တခု ဖြစ်တဲ့ ဆာဘွဲ့ကို ပေးအပ် ချီးမြှင့်ခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ၂၀၁၃ခုနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြရာထူး ကနေ အနားယူခဲ့ပါတယ်။

Photo Credit: Sports Brief

ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာ ယူနိုက်တက်ကို တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အသင်းအဖြစ် ကနေ ကမ္ဘာ့အကောင်းဆုံးအသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ 90 Min သတင်းဌာနက ဆာအဲလက်စ် ဖာဂူဆန်ကို ဘောလုံးသမိုင်းတလျှောက် ထာဝရ အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ခဲ့တာပါ။

90 Min သတင်းဌာနရဲ့ ထာဝရ အကောင်းဆုံး နည်းပြ ၁၀ဦး စာရင်းကတော့ ၁။ ဆာအဲလက်စ် ဖာဂူဆန် ၂။ ဆက်ချီ ၃။ ရီနော့ မစ်ချယ် ၄။ ပပ် ဂွာဒီယိုလာ ၅။ ထရာပက်တိုနီ ၆။ ယိုဟန် ခရိုက်ဖ် ၇။ အာနက်စ် ဟက်ပယ် ၈။ ဟီလီနီယို ဟာရဲယား ၉။ ဟိုဆေး မော်ရင်ဟို ၁၀။ ဘော့ ပီယာ့စ်လေတို့ပဲ ဖြစ်ပါတယ်။