ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် ခံစစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၇-၀ လိုက်ပ်ဇစ် ပွဲအပြီးမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာ စီးတီးကို ယှဉ်နိုင်တဲ့အသင်း ၂သင်းထဲသာ ကျန်တော့ကြောင်း ဆိုလာပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ ပထမအကျော့ အဖြစ် ဂျာမန်မြေမှာ ကစားခဲ့စဉ်က တဂိုးစီ သရေရလဒ်သာ ရရှိခဲ့ပေမယ့် ဒုတိယအကျော့ အဖြစ် အိမ်ကွင်း အီတီဟတ်မှာ လိုက်ပ်ဇစ်ကို ဧည့်ခံ ကစားခဲ့ရာမှာတော့ ၇-၀ ဆိုတဲ့ ရလဒ်နဲ့ စံချိန်တင် နိုင်ပွဲ တပွဲကို ရရှိခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ စီးတီး ၇-၀ လိုက်ပ်ဇစ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး အိမ်ရှင် မန်ချက်စတာ စီးတီးက လိုက်ပ်ဇစ်ကို ပွဲစပွဲဆုံး တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ကာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဟာလန်း ၊ ဒီဘရိုင်း ၊ ဂန်ဒိုဂန်တို့ရဲ့ သွင်းဂိုးတွေကြောင့် လိုက်ပ်ဇစ်ကို ဂိုးပြတ် အနိုင်ရခဲ့တာပါ။

အဆိုပါပွဲဟာ မန်ချက်စတာ စီးတီးမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအား ဗိုလ်စွဲနိုင်မယ့် ခြေစွမ်းမျိုး ရှိကြောင်းကို သက်သေပြခဲ့တဲ့ ပွဲစဉ် တပွဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ ရီယို ဖာဒီနန်ကလည်း မန်ချက်စတာ စီးတီးရဲ့ ခြေစွမ်းဟာ ချန်ပီယံ ခြေစွမ်းမျိုး ဖြစ်ကာ လက်ရှိမှာ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီတို့ကသာ မန်ချက်စတာ စီးတီးကို ယှဉ်နိုင်စွမ်း ရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Metro

ဖာဒီနန်က – “မန်ချက်စတာ စီးတီးက ကွာတားဖိုင်နယ်မှာ အသင်း နှစ်သင်းနဲ့ ထိပ်တိုက် မတွေ့ခဲ့ရင် ဆီမီးဖိုင်နယ်ဆီ အလွယ်လေး တက်သွားနိုင်ပါလိမ့်မယ်။ အဲ့ဒီနှစ်သင်းက ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီပါပဲ။ မန်ချက်စတာ စီးတီးက ကျန်တဲ့ အသင်းတွေ အားလုံးကို ကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်။ မန်ချက်စတာ စီးတီးက အရမ်းကို ကောင်းတဲ့ အသင်းပါ။ သူတို့အသင်းက အခုချိန်မှာ အတွေ့အကြုံလည်း အတော်လေး ရှိနေပါပြီ။ ဒါကြောင့် သူတို့က ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းကိုမဆို နာကျင်အောင် လုပ်နိုင်စွမ်း ရှိပါတယ်” လို့ မန်ချက်စတာ စီးတီးကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။