ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၂-၂ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ဧည့်သည်အသင်းရဲ့ ဂိုးသမား နူအာက အာဆင်နယ် တောင်ပံတိုက်စစ် ကစားသမား ဆာကာအပေါ် အဝင်ကြမ်းခဲ့တာကို ပင်နယ်တီ မပေးခဲ့တဲ့ အတွက် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အံ့ဩရကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အင်္ဂလန်ကိုယ်စားပြု အာဆင်နယ်နဲ့ ဂျာမဏီကိုယ်စားပြု ဘိုင်ယန်မြူးနစ်တို့က ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရဲ့ ပထမအကျော့ အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲကို တာဝန်ယူ ကြီးကြပ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကတော့ ဆွီဒင်ကွင်းလယ်လူ နေဘက်ချ်ပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အမှားခံလို့ မရတဲ့ ရှုံးထွက်ပွဲစဉ် ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး အိမ်ရှင် အာဆင်နယ်က အိမ်ကွင်းမှာ နိုင်ပွဲ ရအောင် ကြိုးစားခဲ့သလို ဘိုင်ယန်မြူးနစ်ကလည်း အဝေးကွင်းမှာ ရှုံးပွဲ မကြုံရအောင် ဦးတည် ကစားခဲ့ပါတယ်။

အာဆင်နယ်က ပွဲစတာနဲ့ တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲချိန် ၁၂မိနစ်မှာပဲ ဆာကာက အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ အပျော်တွေက ကြာကြာမခံခဲ့ပဲ ပွဲချိန် ၁၈မိနစ်မှာ အာဆင်နယ် ကစားသမားဟောင်း ဂနာဘရီက ဘိုင်ယန်မြူးနစ် အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့သလို ပွဲချိန် ၃၂မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ် အတွက် ဦးဆောင်ဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရှုံးလို့ မဖြစ်တဲ့ အာဆင်နယ်က တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၇၆မိနစ်မှာ လူစားဝင် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဂျေဇူးနဲ့ ထရော့ဆက်တို့ရဲ့ တွဲလုံးကနေ ထရော့ဆက်က အာဆင်နယ် အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အိမ်ရှင် အာဆင်နယ်က အနိုင်ဂိုး ထပ်သွင်းနိုင်ဖို့ ကြိုးစားခဲ့ပြီး ဧည့်သည် ဘိုင်ယန်မြူးနစ်က ဂိုးမပေးရရေး အတွက် ခံစစ်ကို အထိုင်ချ ကစားခဲ့ပါတယ်။

Photo Credit: The Mirror

ပွဲပြီးခါနီးမှာတော့ ပွဲအလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ ဖြစ်ရပ် တခု ဖြစ်ပွားခဲ့ပြီး အာဆင်နယ် တောင်ပံကစားသမား ဆာကာက ဘိုင်ယန်ဂိုးသမား နူအာကို ကျော်ဖြတ်ကာ ဂိုးသွင်းယူဖို့ ကြိုးစားချိန်မှာ နူအာနဲ့ ထိမိပြီး ဂိုးဧရိယာထဲမှာ လဲကျသွားခဲ့ကာ အာဆင်နယ် ကစားသမားတွေက အဆိုပါဖြစ်ရပ် အတွက် ပင်နယ်တီ ပေးဖို့ ဝိုင်းဝန်း တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင် နေဘက်ချ်ကတော့ အိမ်ရှင်ကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကွင်းလယ်ဒိုင် နေဘက်ချ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ များနေကာ ဖာဒီနန်ကလည်း ဆာကာနဲ့ နူအာရဲ့ ဖြစ်ရပ်အတွက် အာဆင်နယ်ဟာ ပင်နယ်တီ ရသင့်ကြောင်း ဆိုလာပါတယ်။ ဖာဒီနန်က – “ဆာကာနဲ့ နူအာ ဖြစ်ရပ်မှာ အာဆင်နယ်တို့ ပင်နယ်တီ မရခဲ့တာကို မယုံနိုင်သေးပါဘူး။ အဲ့ဒါက ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်ပါ။ ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်ပါဘူး” လို့ ပြောကြားကာ ကွင်းလယ်ဒိုင် နေဘက်ချ်ကို ဝေဖန်သွားခဲ့တာပါ။