မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို အပြီးသတ် ဒါမှမဟုတ် နောက်ထပ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ မသေချာသေးတဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန် အမ်မရာဘတ်ကို တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းက စတင် ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ ခြေစွမ်းပြသခဲ့ပြီး ဥရောပ ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့တဲ့ အမ်မရာဘတ်ကို ယူနိုက်တက်အသင်းက မနှစ်က ဘောလုံးရာသီမှာပဲ ဖီအိုရင်တီးနားအသင်းကနေ တစ်ရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Caught Offside

မော်ရိုကိုနဲ့ ဖီအိုရင်တီးနားတို့မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အမ်မရာဘတ်ဟာ ယူနိုက်တက်မှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ရာသီကုန်ခါနီးမှသာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတချို့ကို ပြသနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က အမ်မရာဘတ်အတွက် ထည့်သွင်းချုပ်ဆိုထားတဲ့ အပြီးသတ် ခေါ်ယူခွင့်အတိုင်း ခေါ်ယူမှာ မဟုတ်ဘူးလို့ ဖီအိုရင်တီးနားဆီကို အသိပေးထားပြီး တခြားသော ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းဖို့ ရှိနေပါတယ်။

အမ်မရာဘတ်ကို ကမ်းလှမ်းဖို့ကလည်း ယူနိုက်တက်အနေနဲ့ သူတို့ လိုချင်နေတဲ့ ကွင်းလယ်ကစားသမားတွေကို ခေါ်ယူနိုင်မလားဆိုတဲ့ အပေါ်မှာသာ မူတည်လို့နေပြီး တကယ်လို့ ယူနိုက်တက်က အူဂါတေး ဇူဘီမန်ဒီတို့ကို မခေါ်ယူနိုင်မှသာ အမ်မရာဘတ်နဲ့ ရာဘီအော့တို့ကို ခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : Transfermarket

ဒီလို မသေချာ မရေရာသေးတဲ့ အခြေအနေမှာ ဖီနာဘာချီအသင်းက အမ်မရာဘတ်ကို စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ပါ ရှိနေပါတယ်။ ဖီနာဘာချီက လာမယ့် ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုတွေ အားကောင်းလို့နေပြီး နည်းပြနေရာအတွက်လည်း စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကိုပါ ခန့်အပ်ထားပါသေးတယ်။

ဒါ့အပြင် ဖီနာဘာချီအသင်းက သူတို့ရဲ့ နည်းပြသစ်ကြီး မော်ရင်ဟိုအတွက် စိန့်မက်ဆီမင်နဲ့ အန်နက်ဆီရီတို့လို တိုက်စစ်ကစားသမားကောင်းတွေကို ခေါ်ယူပေးထားခဲ့သလို အခုလည်း အမ်မရာဘတ်လို အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူပေးသွားဖို့လည်း ရှိနေပြန်ပါတယ်။