ဇန်နဝါရီလ အပြောင်းအရွှေ့မှာ စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် ကနေ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအိုဖီးလစ်က ချယ်လ်ဆီးရဲ့ လက်ကျန်ရာသီဝက် အတွက် နံပါတ်(၁)ပစ်မှတ်ဟာ ဥရောပ ချန်ပီယံလိဂ်ဆုဖလားကို အရယူဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအိုဖီးလစ်က အက်သလက်တီကို မက်ဒရစ် ကနေ ချယ်လ်ဆီးထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးအတွက် ပထမဦးဆုံး ပါဝင် ကစားပေးခဲ့တဲ့ ပွဲစဉ်မှာပဲ အနီကတ် ထိခဲ့တာကြောင့် ၃ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပေမယ့် ပွဲပယ်ပြစ်ဒဏ် ကနေ ပြန်လွတ်လာတဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၁ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဂျာအိုဖီးလစ်က နောက်ဆုံး ကစားခဲ့တဲ့ ဒေါ့မွန် ၁-၀ ချယ်လ်ဆီး ၊ ချယ်လ်ဆီး ၀-၁ ဆောက်သမ်တန် ပွဲစဉ်တွေမှာတော့ သွင်းဂိုးတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ချယ်လ်ဆီးကလည်း အမှတ်ပေးဇယားမှာ အဆင့်(၁၀)နေရာ အထိ ရောက်ရှိကာ အခြေအနေ ဆိုးနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်မှာပါ ဒေါ့မွန်ကို ပထမအကျော့မှာ ရှုံးနိမ့်ထားပါတယ်။

လက်ရှိမှာတော့ ရလဒ်ဆိုးတွေကြောင့် ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာ အပါအဝင် ကစားသမားတွေက ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ရာသီကုန်မှာ ချယ်လ်ဆီးကနေ အက်သလက်တီကို မက်ဒရစ်ဆီ ပြန်ရမယ့် ဂျာအိုဖီးလစ်က သူတို့အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ကြိုးပမ်းဖို့ ရည်မှန်းထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ သူတို့အတွက် တခုထဲသော ဆုဖလားမျှော်လင့်ချက် ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ဂျာအိုဖီးလစ်က – “ကျွန်တော့်ရဲ့ အဓိကပစ်မှတ်က (ချယ်လ်ဆီးနဲ့အတူ ရယူချင်တဲ့ ပစ်မှတ်) ချန်ပီယံလိဂ်ပြိုင်ပွဲပါပဲ။ ကျွန်တော်က ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့က အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မဖြစ်နိုင်တော့ဘူးလေ။ ကျွန်တော်တို့က ချယ်လ်ဆီးကို လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် ရအောင် ကူညီပေးဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ချန်ပီယံလိဂ် ဆုဖလားကိုတော့ လိုချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။