မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တ်ိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းက သူ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေထဲမှာ လူတန်တောင်းအသင်းနဲ့ ရင်ဘတ်နဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုးကို သူ အနှစ်သက်ဆုံးပဲလို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အသက် (၂၁)နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းက ဒီရာသီမှ အတ္တလန်တာကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အခုဆိုရင် ဟွိုင်လန်းဟာ ယူနိုက်တက်အတွက် အတော်လေး အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ဟွိုင်လန်းက ယူနိုက်တက်ကို ရောက်ခါစမှာ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာပဲ ဂိုးတွေ သွင်းယူပြီး ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်မှုတွေ များလွန်းနေတာကြောင့် ဝေဖန်ခံရပြီး နောက်ပိုင်းမှသာ ဟွိုင်လန်းက ပြိုင်ပွဲစုံမှာ ဂိုးတွေ ဆက်တိုက် သွင်းယူလာခဲ့ပြီး အခုဆိုရင် ဟွိုင်လန်းရဲ့ သွင်းဂိုးဟာ (၁၃)ဂိုးအထိတောင် ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း ဟွိုင်လန်းက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၅)ဂိုးအထိ သွင်းယူခဲ့ပြီး အဲ့ဒီထဲကမှ လူတန်နဲ့ပွဲစဉ်ထဲ ဂါနာချိုရဲ့ ကန်ချက်ကို ဟွိုင်လန်းက ရင်ဘတ်လေးနဲ့ အသာအယာထိပြီး ဂိုးဝင်အောင် သွင်းယူခဲ့ပါတယ်။

Photo Credit : Youtube

“ကျွန်တော်က ပုံစံအမျိုးမျိုးနဲ့ သွင်းဂိုးတွေကို သွင်းယူနေပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြိုက်ဆုံးထဲက တစ်ခုကတော့ လူတန်တောင်းနဲ့ပွဲမှာ ရင်ဘတ်နဲ့ သွင်းယူခဲ့တဲ့ ဂိုးပါပဲ။ အဲ့ဒီဂိုးကိုတော့ ကျွန်တော် အရမ်းသဘောကျမိတယ်။ ကျွန်တော့်အနေနဲ့ ဒီပုံစံကောင်းကို ဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင် ဒီလိုဂိုးမျိုးတွေကို မကြာခဏ သွင်းယူလာနိုင်ပါလိမ့်မယ်။”

“ ကျွန်တော်က ဒီဂိုးကို ဂိုးပေါက်ထဲ ကောင်းကောင်းထည့်နိုင်ဖို့ မရည်ရွှယ်ခဲ့ပေမယ့်လည်း ဂိုးဝင်နိုင်မလားဆိုပြီး အသိနဲ့ ခန္ဓာကိုယ်က ရတဲ့ပုံစံနဲ့ ကြိုးစားခဲ့သလိုမျိုး ဖြစ်ခဲ့တာကြောင့် ဒါကို ပြီးပြည်စုံအောင် လုပ်လိုက်တာလို့ ပြောချင်ပါတယ်။” လို့ ဟွိုင်လန်းက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။