ဘာစီလိုနာအသင်းအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖြစ်မယ်ဆိုရင် အသင်းကို ဆက်လက် အားပေးသွားတော့မှာ မဟုတ်ကြောင်း ဘာစီလိုနာ ပရိသတ်တွေက ခြိမ်းခြောက်လာကြပါတယ်။

အသက် (၂၂)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းဆီ အငှားလာကစားနေရင်းနဲ့ လာလီဂါပြိုင်ပွဲမှာ ကျင်လည်နေရသလို လာလီဂါ (၁၄)ပွဲကစား (၃)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို ခြေစွမ်းပြသနေတဲ့ ဂရင်းဝုဒ်ကို ဂီတာဖေးက အပြီးသတ် ခေါ်ယူချင်လာခဲ့သလို လာလီဂါက ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် ဆိုစီဒက် ဆီဗီလာတို့ကလည်း စိတ်ဝင်စားလာခဲ့ပါတယ်။ talkSPORT ရဲ့ ဖော်ပြချက်မှာလည်း ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ အစီအစဉ် ရှိမနေတာကြောင့် ဂရင်းဝုဒ်အနေနဲ့ လာမယ့်နွေမှာ သေချာပေါက် အသင်းထပ်ပြောင်းရနိုင်ပါတယ်။

ဂရင်းဝုဒ်ရဲ့ ခြေစွမ်းပိုင်းတွေကိုလည်း ဘာစီ ရီးယဲလ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက စောင့်ကြည့်မှုတွေ လုပ်ဆောင်လာခဲ့ပြီး တကယ်လို့ ဘာစီလိုနာအနေနဲ့ ဂရင်းဝုဒ်ကို အသင်းဆီသာ ခေါ်ဆောင်မယ်ဆိုရင် အသင်းကို အားပေးတော့မှာ မဟုတ်ကြောင်း ပရိသတ်တချို့က ဆန္ဒပြလာခဲ့ပါတယ်။

Photo Credit : SPORTbible

ဘာကြောင့်လဲဆိုတော့ ဂရင်းဝုဒ်က သူရဲ့အတူနေ ချစ်သူ မိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မ ရယူမှုတွေနဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့ရာကနေ အမှုရင်ဆိုင်ခဲ့ရဖူးတာကြောင့် အခုလို ဘာစီလိုနာ ပရိသတ်တွေက ဂရင်းဝုဒ်လို ကစားသမားမျိုးကို အသင်းအတွက် အလိုမရှိတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကလည်း အသင်းကို အားပေးနေတဲ့ အမျိုးသမီးထုတွေနဲ့ အသင်းနဲ့ သက်ဆိုင်နေတဲ့ အမျိုးသမီး ဘောလုံးသမားများ အပါအဝင် အမျိုးသမီး ဝန်ထမ်းတွေရဲ့ ဆန္ဒပြမှုကြောင့် ဂရင်းဝုဒ်ကို အသင်းမှာ နေရာပြန်ပေးလို့ မရခဲ့ပဲ ဂီတာဖေးအသင်းဆီကိုသာ အငှားချဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။