မကြာသေးခင်ကမှ ပီအက်စ်ဂျီအသင်းနဲ့ မက်မောလောက်စရာ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီး ကမာ္ဘ့ဘောလုံးလောကရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတဲ့ ကီလီယန်အမ်ဘာပေက နည်းပြပိုချက်တီနိုနဲ့ သူရဲ့အသင်းဖော်နေမာ အပါအဝင် ပီအက်စ်ဂျီအသင်းသား (၁၂)ဦးခန့်ကို အသင်းကနေ ထွက်ခွာသွားစေချင်နေတယ်လို့ သတင်းထွက်ပေါ်လာခြင်းအပေါ် သတင်းအတုသာ ဖြစ်တယ်ဆိုပြီး ငြင်းဆန်သွားခဲ့ပါတယ်။

Kylian Mbappé's new contract makes him the most powerful figure at PSG |  Kylian Mbappé | The Guardian

Photo Credit : The Guardian

အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့လုနီးနီး ဖြစ်ခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဘာပေဟာ နောက်ဆုံးမှာတော့ ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ထက် သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီနဲ့ မြင့်မားလှစွာသော ငွေကြေးတွေနဲ့အတူ ၂၀၂၅ခုနှစ်အထိ သက်တမ်းတိုးခဲ့ပါတယ်။ ပီအက်စ်ဂျီဘက်က အသင်းရဲ့ကြယ်ပွင့်ဘာပေကို အသင်းမှာပဲ ဆက်လက်ရှိနေနိုင်ဖို့အတွက် ငွေကြေးများစွာ အသုံးပြုခဲ့ရသလို အသင်းအတွင်း လုပ်ပိုင်ခွင့်တချို့ကိုပါ ပေးအပ်ထားခဲ့တယ်လို့ပါ သိရှိရပါတယ်။

Photo Credit : Goal

ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေက ဘာပေကို စာချုပ်သက်တမ်းတိုးမြှင့်ပြီးတဲ့နောက်မှာ အသင်းအတွင်း လုပ်ပိုင်နိုင်ခွင့် အာဏာတွေကို ခွင့်ပြုပေးထားခဲ့ပြီး ဘာပေအနေနဲ့ အသင်းရဲ့ နည်းပြနဲ့ ကစားသမားတွေရဲ့ အနာဂတ်တွေအပေါ်မှာပါ အဆုံးအဖြတ်ပေးနိုင်လာသလို ကစားသမားသစ် ခေါ်ယူမှုပါ ဘာပေရဲ့ ပါဝင်ပတ်သက်မှုတွေက ရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုတွေ ခွင့်ပြုထားပြီးနောက်ပိုင်း SPORTbible သတင်းမီဒီယာကနေ ဖော်ပြလာတဲ့ သတင်းထဲမှာ ဘာပေဟာ အသင်းနည်းပြ ပိုချက်တီနို သူရဲ့အသင်းဖော်နေမာ အပါအဝင် ကစားသမား(၁၂)ယောက်အထိ အသင်းကနေ ထွက်ခွာသွားစေချင်နေတယ်လို့ ဖော်ပြလာခဲ့တဲ့အပေါ် ဘာပေကိုယ်တိုင် အဲ့ဒီသတင်းကို သူရဲ့တွစ်တာပေါ်မှာ ပြန်လည်မျှဝေခဲ့ပြီး “သတင်းအတု”လို့ပါ ခေါင်းစဉ်တပ်သွားခဲ့ပါတယ်။ SPORTbible ဘက်က သူတို့ရဲ့ သတင်းဖော်ပြချက်ကို အလျင်အအမြန် ဖျက်ပစ်ခဲ့ပေမယ့် ဘာပေကတော့ သူနဲ့ပတ်သက်ပြီး အခုလို ဖော်ပြထားတဲ့ သတင်းက သတင်းအတုသာ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘာပေရဲ့နည်းပြ ပိုချက်တီနိုနဲ့ အသင်းဖော်နေမာတို့ရဲ့ အနာဂတ် အခြေအနေတွေက မရေမရာ ဖြစ်နေရပြီး ပိုချက်တီနိုရော နေမာပါ အသင်းကနေ ထွက်ခွာသွားရနိုင်ဖွယ် ရှိနေပါတယ်။