ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ဖာဘရီဂတ်စ်က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ဒီရာသီမှာ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ဖာဘရီဂတ်စ်ရဲ့ အသင်းဟောင်း အာဆင်နယ်က ဒီရာသီမှာ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လုနေရပြီး ပွဲစဉ်(၂၃) အပြီးမှာ သူတို့ ၃သင်းထဲက ဘယ်အသင်းဟာ ချန်ပီယံ ဖြစ်မလဲ ဆိုတာ အတိအကျ မသိရသေးပါဘူး။

Photo Credit: Caught Offside

ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အပြီးမှာ လီဗာပူးက အဆင့်(၁) ၊ မန်ချက်စတာ စီးတီးက အဆင့်(၂)နဲ့ အာဆင်နယ်က အဆင့်(၃) ဆိုတဲ့ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပြီး သူတို့ ၃သင်း ကြားထဲမှာ ရမှတ်ကွာဟချက် ၂မှတ်သာ ရှိနေတာကြောင့် လက်ကျန်ပွဲတွေမှာ အမှားအနည်းဆုံး လုပ်တဲ့ အသင်းက ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ ဘောလုံးရေးရာ သုံးသပ်သူ အများစုက မန်ချက်စတာ စီးတီးနဲ့ လီဗာပူး နှစ်သင်းထဲက တသင်းသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပြီး ဖာဘရီဂတ်စ်ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ကလည်း မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်နိုင်တယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ပြောလာပါတယ်။

Photo Credit: Daily Post

ဖာဘရီဂတ်စ်က – “အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ် ဆိုတဲ့ စကားအပေါ် သံသယ ဝင်စရာ မရှိပါဘူး။ အခုမှ ဖေဖော်ဝါရီလ အစပဲ ရှိပါသေးတယ်။ ဘယ်သူကမှ မန်ချက်စတာ စီးတီးကို ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ မပြောကြသလို လီဗာပူးကလည်း အာဆင်နယ်နဲ့ မတွေ့ခင် အထိ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားနိုင်ပါတယ်။ အာဆင်နယ်ကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဆာလောင်စိတ် အပြည့်နဲ့ ကြိုးစားနေတာကို မြင်ရပါတယ်။ ကျွန်တော်က အာဆင်နယ်ဟာ ပြိုင်ပွဲပြီးခါနီး အထိ ချန်ပီယံပြေးလမ်းကြောင်းထဲမှာ ရှိနေလိမ့်မယ်လို့ အမြဲတမ်း ပြောခဲ့ပါတယ်။ အာဆင်နယ်က အခုဆိုရင် ထိပ်တန်း ဆုဖလားတွေကို ရယူနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်ကို ရနေပါပြီ။ ဒါကြောင့် ကျွန်တော်ကတော့ အာဆင်နယ်ဟာ ရာသီကုန်ချိန်မှာ ဆုဖလား ၁လုံး သေချာပေါက် ယူနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။ အာဆင်နယ်က ရာသီမကုန်ခင် ဆုဖလား ၁လုံး ရမယ် ဆိုတာ သေချာပါတယ်”  လို့ ပြောကြားသွားခဲ့တာပါ။