ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဖာဘရီဂတ်စ်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ တောက်ပလာတဲ့ ဗင်နီးရှပ်ဟာ ဘရာဇီးလ်ရဲ့ ကြယ်ပွင့်တွေ ဖြစ်တဲ့ ရော်နယ်ဒင်ဟိုနဲ့ နေမာတို့ရဲ့ အဆင့်အတန်းမျိုးကို ရောက်လာမယ့်သူလို့ ချီးကျူးသွားခဲ့ပါတယ်။

ဘောလုံးကဝေလို့ တင်စားခံထားရတဲ့ ရော်နယ်ဒင်ဟိုနဲ့ လက်ရှိ ဘရာဇီးလ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး နေမာတို့ နှစ်ဦးစလုံးဟာ တဦးချင်း အရည်အသွေး အလွန် ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ကြပြီး သူတို့နှစ်ဦးရဲ့ ခြေထောက်ထဲကို ဘောလုံးရောက်သွားရင် ပြန်လိုက်လုဖို့ အရမ်းကို ခက်လွန်းတာကြောင့် မှော်ဆရာ ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ရထားကြသူတွေပါ။

Photo Credit: Marca

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဗင်နီးရှပ်က လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး ဗင်နီးရှပ်က ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။

ဗင်နီးရှပ်က နေမာနဲ့ ရော်နယ်ဒင်ဟိုတို့လို ပြိုင်ဘက် ကစားသမားတွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ အတော်လေး ထူးချွန်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ အရည်အသွေးနဲ့ ပါရမီတို့ကြောင့် နေမာခေတ်လွန်မှာ ဘရာဇီးလ်ကို ဦးဆောင်မယ့် ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရပါသေးတယ်။

Photo Credit: Marca

ဘာစီလိုနာ ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်ကလည်း ဗင်နီးရှပ်ရဲ့ ခြေစွမ်းကို သဘောကျတဲ့သူတွေထဲ ပါဝင်ပြီး ဖာဘရီဂတ်စ်က ဗင်နီးရှပ်သာ ယခုပုံစံအတိုင်း ဆက်လက် တိုးတက်သွားမယ် ဆိုရင် ရော်နယ်ဒင်ဟိုနဲ့ နေမာတို့လို ကစားသမားမျိုး ဖြစ်လာလိမ့်မယ်လို့ ဆိုလာပါတယ်။

ဖာဘရီဂတ်စ်က – “ဗင်နီးရှပ်က အရမ်းကို ငယ်ပါသေးတယ်။ ဒါပေမယ့် သူကသာ သူ့ရဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ် ဆိုရင် သူက ရော်နယ်ဒင်ဟိုနဲ့ နေမာတို့လိုမျိုး ရပ်တန့်လို့ မရတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်” လို့ ဗင်နီးရှပ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။