ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ပွဲစဉ် တပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဗီလာတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က အနောက်ကနေ လိုက်ကစားရင်း ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဗီလာတို့က ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေတဲ့ အသင်းတွေ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အနိုင်ရလဒ် ရရှိရေး အတွက် လူစုံထုတ် ကစားခဲ့ကြသလို ခြေစွမ်းပိုင်းကလည်း သိပ်မကွာခဲ့ပါဘူး။

Photo Credit: Standard

နှစ်သင်းစလုံးက ပွဲအစမှာတင် တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပြီး ပွဲချိန် မိနစ် ၂၀ကျော်မှာ ဧည့်သည် ဗီလာက ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေ ကနေ ဦးဆောင်ဂိုး ၂ဂိုးဆက်တိုက် ရရှိခဲ့ကာ ဗီလာအတွက် သွင်းဂိုးတွေကို ကွင်းလယ်လူတွေ ဖြစ်တဲ့ မက်ကင်းနဲ့ ဒန်ဒွန်ကာတို့က သွင်းယူပေးခဲ့ကြတာပါ။

ဦးဆောင်ဂိုး ၂ဂိုးဆက်တိုက် ခွင့်ပြုပေးခဲ့ရပြီးနောက် ဘောလုံးရေးရာ သုံးသပ်သူတွေက အိမ်ရှင် ယူနိုက်တက်တို့ ရှုံးနိမ့်ပြီလို့ တထစ်ချ ပြောခဲ့ကြပေမယ့် ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ အီဗရာကတော့ ပထမပိုင်း နားချိန်အတွင်းမှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကသာ ပထမပိုင်း ကစားပုံအတိုင်း ဆက်ကစားနေမယ် ဆိုရင် ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

Photo Credit: The Sun

အီဗရာက – “တကယ်လို့ ယူနိုက်တက်ကသာ သူတို့ရဲ့ ကစားပုံကို ဆက်ထိန်းထားပြီး ပြိုင်ဘက်ရဲ့ အလွတ် တည်ကန်ဘောတွေကို အာရုံစိုက် ထိန်းချုပ်မယ် ဆိုရင် သူတို့တွေ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားနိုင်ပါတယ်။ တကယ်လို့ အဲ့ဒီလို ဖြစ်ခဲ့ရင် ကျွန်တော်က အံ့ဩနေမှာ မဟုတ်ပါဘူး” လို့ ပထမပိုင်း နားချိန်အတွင်းမှာ လုပ်ခဲ့တဲ့ သုံးသပ်ရေး အစီအစဉ်မှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

အီဗရာရဲ့ ခန့်မှန်းချက်အတိုင်းပဲ ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က ချေပဂိုး ၂ဂိုးနဲ့ အနိုင်ဂိုး ၁ဂိုး ပြန်သွင်းကာ ဗီလာကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ဂါနာချိုနဲ့ ဟွိုက်လန်းတို့က သွင်းယူပေးခဲ့ကြတာပါ။