ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အီဗန် ဖာဂူဆန်က သူဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို အားပေးတဲ့ ပရိသတ် တဦး ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အိုင်ယာလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဖာဂူဆန်က ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ဘရိုက်တန် အတွက် ပါဝင် ကစားပေးခွင့် ရနေသူ ဖြစ်ပြီး သူက ဘရိုက်တန် အတွက် ပြိုင်ပွဲစုံမှာ ၄၈၄မိနစ် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

အီဗန် ဖာဂူဆန်က ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် ၂၃၀မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ စပါးတို့က သူ့ရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားကြပါတယ်။

အီဗန် ဖာဂူဆန်က ဘရိုက်တန်နဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းဖို့ မရှိသေးပေမယ့် နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဖာဂူဆန်က သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် တဦး ဖြစ်ပြီး လက်ရှိ ဘရိုက်တန် အသင်းဖော် ဝဲလ်ဘက်ကို အချိန်ပြည့် စောင့်ကြည့်ခဲ့ရသူ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

ဖာဂူဆန်က – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် တဦးအနေနဲ့ ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော်က ဒန်နီ ဝဲလ်ဘက် တယောက် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးနေတာကို အမြဲတမ်းလိုလို ကြည့်ဖြစ်ခဲ့ပါတယ်။ အခုတော့ သူက ကျွန်တော့်ရဲ့ အသင်းဖော် ဖြစ်နေပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။