ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အဲရစ်ဆင်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ကိုပင်ဟေဂင်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ သူတို့အသင်းက အနိုင်ရလဒ်ကို ရအောင် ယူမယ်လို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စု ပထမအကျော့ ၃ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးတို့ကို ရှုံးနိမ့်ထားကာ ကိုပင်ဟေဂင် တသင်းထဲကိုသာ အနိုင်ရခဲ့ပါတယ်။

Photo Credit: 90 Min

ယနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့တွေ ပထမအကျော့မှာ အနိုင်ရထားတဲ့ ကိုပင်ဟေဂင်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေသလို ရှုံးထွက်အဆင့်ဆီ ရောက်ချင်ရင် ကိုပင်ဟေဂင်ကို မဖြစ်မနေ အနိုင်ကစားထားဖို့ လိုအပ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နိုင်ပွဲ လိုအပ်နေသလို တဖက်မှာလည်း ကိုပင်ဟေဂင်က ဂါလာတာစာရေးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကိုသာ အနိုင်ရအောင် ကစားနိုင်မယ် ဆိုရင် ရှုံးထွက်အဆင့်ဆီ တက်နိုင်မယ့် မျှော်လင့်ချက်ကို ပိုင်ဆိုင်ထားတာကြောင့် ဒီနေ့ညမှာ နှစ်သင်းစလုံးဟာ ရေကုန်ရေခမ်း ကြိုးစား ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။

Photo Credit: Manchester Evening News

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အဲရစ်ဆင်ကတော့ ကိုပင်ဟေဂင်နဲ့ ပွဲစဉ်ဟာ သူတို့အတွက် ခက်ခဲမယ့်ပွဲ ဖြစ်လာမှာ သေချာပေမယ့် သူတို့အသင်းက အနိုင် ၃မှတ်ကို ယူပြီး အိမ်ပြန်သွားဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။

အဲရစ်ဆင်က – “ကျွန်တော်တို့ဟာ ကိုပင်ဟေဂင်ပရိသတ်တွေရဲ့ အံ့မခန်း အားပေးမှုတွေကို အံတုရမယ် ဆိုတာ နားလည်ထားပြီးသားပါ။ ဒါပေမယ့် ကိုပင်ဟေဂင်ကွင်းက အိုးထရက်ဖို့ဒ်ကွင်းထက် အဆ ၁၀၀ ပိုပြီး အားပေးကြမ်းတယ် ဆိုတဲ့ စကားကိုတော့ လက်မခံနိုင်ပါဘူး။ အိမ်ရှင်ဖြစ်တဲ့ ကိုပင်ဟေဂင်က သူတို့တွေ အနိုင်ရလိမ့်မယ်လို့ ခံစားနေရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ယုံကြည်ချက်အပြည့်နဲ့ ကစားမှာ ဖြစ်သလို အနိုင်ရလဒ် အတွက် ဦးတည် ယှဉ်ပြိုင်မှာပါ။ ကျွန်တော်တို့အတွက် တခုထဲသော ပစ်မှတ်က အနိုင် ၃မှတ် ရရှိဖို့ပါပဲ။ ကျွန်တော်တို့က ရှုံးထွက်အဆင့်ဆီ တက်နိုင်မယ့် နေရာဆီ တက်လှမ်းပါမယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။