နှလုံးရပ်တန့်မှုကြောင့် အသက်ဘေး အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရသလို နှလုံးခုန်နှုန်း ပုံမှန် ပြန်ဖြစ်အောင် နှလုံးခုန်စက် တပ်ဆင်ထားရတဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်က လက်ရှိ နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ၊ စပါးနဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားရာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပိုမို လမ်းစများနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်က နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီဝက်ကာလမှာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ထံ ၆လ စာချုပ်နဲ့ ပြောင်းရွှေ့ကာ ကစားခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အဲရစ်ဆင်က ဘရန့်ဖို့ဒ်အတွက် ရာသီဝက်ကာလ အတွင်းမှာ ပရီးမီးယားလိဂ်ပွဲ ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘရန့်ဖို့ဒ်က သူတို့အသင်းမှာ ဆက်နေဖို့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ အဲရစ်ဆင်ကို ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းက ဘရန့်ဖို့ဒ် တသင်းထဲ မဟုတ်ပဲ သူ့ရဲ့ အသင်းဟောင်း စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကပါ အဲရစ်ဆင် အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပြီး အဆိုပါအသင်း ၃သင်းအနက် ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာကိုတော့ အဲရစ်ဆင်ကပဲ ရွေးချယ်သွားရမှာပါ။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက် ၊ ဘရန့်ဖို့ဒ်နဲ့ စပါးတို့က အဲရစ်ဆင် အတွက် သူ့ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ လုပ်ခဲ့ကြပေမယ့် သူ့ရဲ့ အသင်းဟောင်း စပါးက ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမားကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အဲရစ်ဆင်အား ခေါ်ယူဖို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းခြင်း မရှိတော့ပဲ နောက်ခံလူ တဦး ၊ ညာနောက်ခံ တဦးနဲ့ တိုက်စစ်မှူး တဦးတို့ကိုသာ ခေါ်ယူဖို့ အာရုံစိုက် ကြိုးစားနေပါတယ်။

ဒါကြောင့်ပဲ အဲရစ်ဆင် အတွက် ရွေးချယ်စရာ ၂ခုသာ ကျန်တော့ပြီး အဆိုပါ နှစ်သင်းအနက် အဲရစ်ဆင်က နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးနောက် သူ့ကို အေဂျက်နဲ့အတူ လေ့ကျင့်ခန်း ဆင်းခွင့် ပေးခဲ့တဲ့ အဲရစ် တန်ဟက်ဂ် ရှိရာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက ဖော်ပြထားပါတယ်။