ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ လက်ထက်မှာ ဂါနာချို ၊ မိုင်နူး စတဲ့ လူငယ်ကြယ်ပွင့်တွေကို စင်တင်ပေးနိုင်ခဲ့သလို နောက်ထပ် လူငယ်ကြယ်ပွင့်တွေကို ဆက်လက် မွေးထုတ်သွားဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၄နှစ် အရွယ် ဒတ်ချ်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကို ကိုင်တွယ်စဉ်ကတည်းက များပြားလှတဲ့ လူငယ်ကြယ်ပွင့်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိ ယူနိုက်တက်ရဲ့ ကြယ်ပွင့်တွေ ဖြစ်တဲ့ အိုနာနာ ၊ အန်တိုနီနဲ့ မာတီနက်ဇ်တို့က သူ့ရဲ့ တပည့်အရင်းတွေ ဖြစ်သလို ဘာစီလိုနာကြယ်ပွင့် ဒီဂျောင် ၊ အာဆင်နယ်ခံစစ်မှူး တင်းဘား ၊ ဘိုင်ယန်မြူးနစ် ခံစစ်မှူး ဒီလစ် ၊ လီဗာပူးကွင်းလယ်လူ ဂရာဗန်ဘက် စတဲ့ ကစားသမားတွေကလည်း သူ မွေးထုတ်ခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။

Photo Credit: Euro Sports

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုကို နေရာပေး အသုံးပြုခဲ့သလို ဒီရာသီမှာလည်း အင်္ဂလန် လူငယ်ကြယ်ပွင့် မိုင်နူးကို ပွဲထွက်ခွင့် ပေးနေပြီး ဂါနာချိုနဲ့ မိုင်နူးတို့ နှစ်ဦးစလုံးဟာ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်နေကြပါပြီ။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ တန်ဟက်ဂ်က အကယ်ဒမီထွက် ကစားသမားတွေဟာ အသင်းရဲ့ ဒီအန်အေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် အနာဂတ်မှာလည်း အသင်းအတွက် အားကိုးရမယ့် လူငယ်ကြယ်ပွင့်တွေကို ဆက်လက် မွေးထုတ်သွားဦးမယ်လို့ ဆိုလာပါတယ်။

Photo Credit: Euro Sports

တန်ဟက်ဂ်က – “ကျွန်တော့်မှာ လူငယ်ကြယ်ပွင့်တွေကို မွေးထုတ်မယ် ဆိုတဲ့ စိတ်က အမြဲတမ်း ရှိပါတယ်။ အဲ့ဒီစိတ်ကပဲ ကျွန်တော့်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာစေတာပါ။ လူငယ်ကြယ်ပွင့်တွေကို မွေးထုတ်ဖို့ ဆိုရင် ကျွန်တော်တို့က စိတ်ရှည်ရပါမယ်။ ပြီးတော့ မှန်ကန်တဲ့ အသင်းတွင်း ဖွဲ့စည်းမှု ၊ မှန်ကန်တဲ့နည်းပြနဲ့ တခြား အခြေခံ လိုအပ်ချက်တွေ ရှိဖို့လည်း လိုပါတယ်။ လူငယ်ကြယ်ပွင့်တွေက အသင်းရဲ့ ဒီအန်အေကိုလည်း ကောင်းကောင်းကြီး သိကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

လတ်တလောမှာ အဲရစ် တန်ဟက်ဂ်က အသက် ၁၉နှစ် အရွယ် ပြင်သစ် လူငယ်ခံစစ်မှူး ကမ်ဘွာလာနဲ့ အသက် ၁၉နှစ် အရွယ် အင်္ဂလန် လူငယ် တောင်ပံကစားသမား ဖိုဆန်တို့ကို အသင်းကြီးဆီ ခေါ်ယူကာ လေ့ကျင့်ပေးနေပြီး ဖိုဆန်က ပြီးခဲ့တဲ့ ဝုလ်ဗ် ၃-၄ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ မိုင်နူးရဲ့ အနိုင်ဂိုးကို ဖန်တီးပေးထားနိုင်ပါတယ်။