ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံ အတွက် အပြည့်အဝ မကျေနပ်သေးဘူးလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် ဘုန်းမောက်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ခံစစ်ပိုင်းမှာ အရန် ခံစစ်မှူးတွေ ဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကို ထုတ်သုံးခဲ့တာကလွဲရင် ကျန်တဲ့ နေရာတွေမှာ လူစုံတက်စုံ ပါဝင် ကစားနိုင်ခဲ့တာကြောင့် ပွဲစပွဲဆုံး ဘုန်းမောက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက် ရှုံးထားတဲ့ ဘုန်းမောက်ကတော့ အဝေးကွင်းမှာ ရှိတဲ့ လူစာရင်းနဲ့ ခံစစ်ပိတ်ဆော့ကာ သရေတမှတ် ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အားကောင်းတဲ့ တိုက်စစ်ကို အချိန်ပြည့် ထိန်းချုပ် ကစားနိုင်ခဲ့ခြင်း မရှိပဲ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၃-၀ ဘုန်းမောက် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ၂၃မိနစ်မှာ ကတ်စ်မဲရိုး ၊ ၄၉မိနစ်မှာ လုခ်ရှောနဲ့ ၈၆မိနစ်မှာ ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ ဘုန်းမောက်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပေမယ့် အသင်းရဲ့ ကစားပုံကို အပြည့်အဝ မကျေနပ်သေးဘူးလို့ ဆိုလာပါတယ်။

Photo Credit: Euro Sports

တန်ဟက်ဂ်က – “ကျွန်တော်က ရလဒ်ပိုင်း အတွက် ပျော်ရွှင်မှု ရှိပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ အကောင်းဆုံး ကစားဟန်ကို မရခဲ့ပါဘူး။ အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့က ဉာဏ်ကို လွှာသုံးပြီး မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က အတော်လေး ကောင်းတဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တဆက်ထဲမှာပဲ ချေပဂိုးတွေ ပြန်ပေးရနိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ဒေးဗစ်ရဲ့ အံ့မခန်း ကာကွယ်မှုတွေကြောင့်သာ ကျွန်တော်တို့က ကံကောင်းခဲ့တာပါ။ ကျွန်တော်တို့က ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရနေတဲ့ အချိန်မှာ ဘောလုံးကို ဘယ်အချိန်မှာ ထိန်းထားရမလဲ ၊ ဘယ်အချိန်မှာ တိုက်စစ်ဆင် ကစားရမလဲ ဆိုတာကို နားလည်ရမယ့် အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ အဲ့ဒါတွေကို တိုးတက်အောင် လုပ်ရပါဦးမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။