ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ပူပူနွေးနွေး ရထားတဲ့ ဘင်ဖီကာ လူငယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်က ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက ယခုနှစ် အစကမှ ရေးဗားပလိတ် ကနေ ဘင်ဖီကာထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit: The Sun

အန်ဇို ဖာနန်ဒက်က ရေးဗားပလိတ်မှာ ကစားစဉ်ကတည်းက ဥရောပ အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး သူဟာ ဘင်ဖီကာထံ ရောက်ရှိအပြီးမှာလည်း အချိန်တိုအတွင်းမှာ အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်လာခဲ့ကာ အန်ဇို ဖာနန်ဒက်က ဘင်ဖီကာအတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ်တို့လို ဥရောပ အသင်းကြီးတွေက အန်ဇို ဖာနန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတဲ့ ချယ်လ်ဆီးကတော့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ထက် လက်ဦးမှု ရယူကာ အန်ဇို ဖာနန်ဒက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ချယ်လ်ဆီးဟာ အန်ဇို ဖာနန်ဒက်ကို ဆောင်းဈေးကွက် အတွင်းမှာပဲ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်ကို ဆောင်းဈေးကွက် အတွင်းမှာပဲ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အန်ဇို ဖာနန်ဒက်အတွက် ဘင်ဖီကာရဲ့ တောင်းဆိုမှု ဖြစ်တဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂၀သန်းကို ပေးချေဖို့ ဆန္ဒမရှိပေမယ့် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် အန်ဇို ဖာနန်ဒက်ကလည်း ချယ်လ်ဆီးထံ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီး လက်ရှိမှာ အန်ဇိုရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားကို ချယ်လ်ဆီးဆီ ရောင်းချပေးဖို့ ဘင်ဖီကာရဲ့ တာဝန်ရှိသူတွေကို စည်းရုံးနေကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။