ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် ပထမတန်း ၊ အုပ်စု(၂)ရဲ့ ပွဲစဉ်တပွဲ ဖြစ်တဲ့ စပိန်နဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဆွစ်ဇာလန်က အိမ်ရှင် စပိန်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဆီ တက်လှမ်းခွင့် ရဖို့ မျှော်လင့်ချက်တွေ ပိုမို အားကောင်းလာခဲ့ပါတယ်။

စပိန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ အိမ်ရှင် စပိန်ကသာ ပွဲကို အသာစီး ရသွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားခဲ့ရာမှာတော့ ဧည့်သည် ဆွစ်ဇာလန်က စပိန်ထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

အဆိုပါပွဲစဉ်မှာ ဆွစ်ဇာလန် အတွက် သွင်းဂိုးတွေကို အဓိက ခံစစ်မှူး အကန်ဂျီနဲ့ အဓိက တိုက်စစ်မှူး အမ်ဘိုလိုတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး စပိန်အတွက် သိက္ခာဆယ် ချေပဂိုးကို ဝါရင့် ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာက သွင်းယူပေးသွားခဲ့တာပါ။

စပိန်ဟာ ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ အတွက် အုပ်စုနောက်ဆုံးပွဲ အဖြစ် ပေါ်တူဂီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ မဖြစ်မနေ အနိမ့်ဆုံး သရေ ၁မှတ် ရရှိအောင် ကြိုးစားဖို့ လိုအပ်ပြီး စပိန်နည်းပြချုပ် အင်းနရစ်ကတော့ သူတို့ဟာ ဆွစ်ဇာလန်နဲ့ ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် လာမယ့်ပွဲစဉ်မှာ ပေါ်တူဂီကို အနိုင်ကန်ပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit: Fot Mob

အင်းနရစ်က – “ပွဲတပွဲ ရှုံးသွားပြီဆိုရင် နာကျင်မှုတွေ ခံစားရတာ အမှန်ပါ။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ မကောင်းပါဘူး။ ဒါပေမယ့် အနိုင်ရသွားတဲ့ ဆွစ်ဇာလန်ကိုလည်း ကျွန်တော်တို့ လေးစားရပါမယ်။ သူတို့က ပွဲစကနေ ပွဲဆုံးတဲ့ အထိ ကျွန်တော်တို့ကို အခက်အခဲတွေ ဖြစ်အောင် လုပ်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမပိုင်း ခြေစွမ်းကတော့ ကျွန်တော့်ရဲ့ စပိန်နည်းပြဘဝ အဆိုးဝါးဆုံး ခြေစွမ်းပါပဲ။ ပြီးတော့ ကျွန်တော်တို့က ဆွစ်ဇာလန်ရဲ့ အနိုင်ဂိုးကိုလည်း ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ တိုးတက်လာခဲ့ပြီး ပွဲကို အနိုင်ရအောင် နောက်ဆုံးချိန် အထိ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ ပွဲက ပေါ်တူဂီနဲ့ပွဲ ဖြစ်သွားပါပြီ။ ကျွန်တော်တို့တွေ ဘရာဂါမြို့ဆီ အနိုင်ယူဖို့ အတွက် ချီတက်သွားမှာပါ” လို့ ပြောဆိုသွားခဲ့တာပါ။