ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က သူတို့အသင်းဟာ လာမယ့် နွေဈေးကွက်မှာ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေကို လက်လွှတ် ဆုံးရှုံးရဖို့ ရှိနေပေမယ့် အမ်ဘာပေ မရှိတော့ရင် သူတို့အသင်းဟာ ပိုကောင်းလာလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ၂၀၁၈ခုနှစ်မှာ မိုနာကို ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ပီအက်စ်ဂျီထံ ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Goal

အမ်ဘာပေက ပီအက်စ်ဂျီ အတွက် ၆နှစ်ကျော်ကြာ ကစားပေးခဲ့ရာ ပြိုင်ပွဲစုံ ၂၉၂ပွဲမှာ သွင်းဂိုး ၂၄၄ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး သူက ပီအက်စ်ဂျီရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

အမ်ဘာပေက ပီအက်စ်ဂျီရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်နေသလို လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ၃ဦး စာရင်းထဲမှာ ဝင်ရောက်နေသူ ဖြစ်ပေမယ့် ပီအက်စ်ဂျီမှာ ဆက်ကစားနေရင် ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတို့ကို ရယူနိုင်ဖို့ မလွယ်ကူတာကြောင့် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းသစ်ဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ့် အကြောင်းကို မကြာသေးမီကပဲ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ပီအက်စ်ဂျီရဲ့ နည်းပြချုပ် အင်းနရစ်ကတော့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို လက်လွှတ်ရဖို့ ရှိနေပေမယ့် အမ်ဘာပေ မရှိတော့ရင် သူတို့အသင်းဟာ ပိုကောင်းလာလိမ့်မယ်လို့ ဆိုလာပါတယ်။

အင်းနရစ်က – “အမ်ဘာပေ ထွက်သွားပေမယ့် စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာမယ် ဆိုရင် လာမယ့်ရာသီမှာ ကျွန်တော်တို့က နေရာစုံမှာ ပိုကောင်းတဲ့အသင်း ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့က တိုက်စစ်ပိုင်းရော ၊ ခံစစ်ပိုင်းရော ၊ နည်းစနစ်ပိုင်းမှာပါ ပိုမို တိုးတက်လာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။