ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် အင်းနရစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ အသင်းခေါင်းဆောင် အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုကာ အသင်းမှာ ဆက်နေဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၈ဂိုး အထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။

Photo Credit: Team Talk

အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားမေယ့် သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ ကြားထဲမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုံးဝ မရှိသေးပါဘူး။

ဒါကြောင့်ပဲ အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေပြီး စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေရဲ့ အသင်းသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Photo Credit: Goal

ဒါပေမယ့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူ တချို့က အမ်ဘာပေနဲ့ စာချုပ်သစ် ချုပ်ဆိုချင်နေဆဲ ဖြစ်သလို ပီအက်စ်ဂျီရဲ့ နည်းပြချုပ် အင်းနရစ်ကလည်း သူတို့အသင်းကသာ ယခုနှစ် ဘောလုံးရာသီမှာ ဆုဖလားပြိုင်ပွဲ ၄ခုစလုံးမှာ ဗိုလ်စွဲနိုင်ခဲ့မယ် ဆိုရင် အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ဆက်နေနိုင်တယ်လို့ ထုတ်ပြောလာပါတယ်။

အင်းနရစ်က – “ကျွန်တော်ကတော့ အမ်ဘာပေဟာ သူ့ရဲ့ အမြင်ကို ပြောင်းလဲဦးမယ်လို့ မျှော်လင့်ထားပါတယ်။ သူက အခုချိန်မှာ တိကျတဲ့ ဆုံးဖြတ်ချက်ကို မချမှတ်ရသေးပါဘူး။ ဒါကြောင့် သူက သူ့ရဲ့ အမြင်ကို ပြောင်းလို့ ရပါသေးတယ်။ ကျွန်တော်တို့ကသာ ဒီရာသီမှာ ဆုဖလား ၄လုံးစလုံးကို တပြိုင်ထဲ ရယူနိုင်ခဲ့တယ်လို့ တွေးကြည့်ဗျာ။ တကယ်လို့ ဖလား ၄လုံးစလုံးကို ရယူပြီးမှ အမ်ဘာပေက သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် ချမယ် ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ ပဲရစ်မြို့က အမ်ဘာပေရဲ့ ကိုယ်ပိုင်နေရာါ။ ဒါကြောင့် သူ့ရဲ့ အမြင်က ဘာလို့ မပြောင်းလဲရမှာလဲ။ သူ့ရဲ့ အနာဂတ်က ဘာဖြစ်မလဲ ဆိုတာ တူတူ စောင့်ကြည့်ကြတာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။