ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် လူးဝစ် အင်းနရစ်က သူတို့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ တွေ့ဆုံခဲ့တာက ကံကောင်းမှု တခုလို့ ပြော၍ ရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခဲ့ဖူးတဲ့ အင်းနရစ်က ယခုနှစ် ဘောလုံးရာသီ အစမှာ ပီအက်စ်ဂျီဆီ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့လက်အောက်မှာ ပီအက်စ်ဂျီရဲ့ ကစားပုံက အများကြီး မပြောင်းလဲလာပေမယ့် နိုင်သင့်တဲ့ပွဲတွေမှာ အမှားအယွင်းမရှိ အနိုင်ယူနိုင်နေတာကို မြင်ရပါတယ်။

Photo Credit: CBS Sports

တဖက်မှာတော့ ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက ဒီရာသီမှာ အကျပိုင်းကို ရောက်နေပြီး စပိန်စူပါဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို ကိုပါဒယ်ရေးဖလားကိုလည်း လက်လွှတ်ထားရကာ လာလီဂါပြိုင်ပွဲမှာလည်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရာခိုင်နှုန်း နည်းပါးနေပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာ အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကသာ တခုထဲသော ဆုဖလား မျှော်လင့်ချက် အဖြစ် ကျန်ရှိနေပြီး လက်ကျန် ဆုဖလား မျှော်လင့်ချက် အတွက် တိုက်ပွဲဝင်မယ့် ဘာစီလိုနာနဲ့ တခါမှ မရဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလား အတွက် အားကုန်ထုတ် ယှဉ်ပြိုင်မယ့် ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်က စိတ်ဝင်စားဖို့ ကောင်းမှာ အသေအချာပါပဲ။

Photo Credit: Standard

ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်ကတော့ ကွာတားဖိုင်နယ်မှာ မန်ချက်စတာ စီးတီး ၊ အာဆင်နယ် ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ ထိပ်သီးကလပ်တွေကို ရှောင်ရှားကာ ဘာစီလိုနာနဲ့ လာတွေ့ခဲ့တဲ့ အတွက် ကံကောင်းတယ်လို့ ဆိုလာပါတယ်။

အင်းနရစ်က – “ကျွန်တော်တို့က ကံကောင်းတယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က စပိန်ကို ပြန်လို့ ရတော့မှာ ဖြစ်သလို ကျွန်တော့်ရဲ့ နည်းပြဘဝမှာ အချိန်အကြာဆုံး ဖြတ်သန်းခဲ့တဲ့ ဘာစီလိုနာနဲ့ တွေ့ဆုံနေတာကြောင့်ပါ။ ဒီပြိုင်ပွဲမှာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကောင်းတွေနဲ့ပဲ ရင်ဆိုင်ရမယ် ဆိုတာ သိပြီးသားပါ။ ဗိုလ်လုပွဲ အတွက် လမ်းကြောင်း ၂ခု ရှိတဲ့ အနက် ကျွန်တော်တို့က ဘာစီလိုနာ ၊ အက်သလက်တီကို မက်ဒရစ် ၊ ဒေါ့မွန် စတဲ့ အသင်းတွေ ပါဝင်တဲ့ လမ်းကြောင်းထဲ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ၄သင်းစလုံးမှာ ဗိုလ်လုပွဲဆီ တက်နိုင်မယ့် အခွင့်အရေးတွေ ရှိပါတယ်။ ဒီလမ်းကြောင်းက ကျွန်တော်တို့ အတွက် တကယ်ကို ကောင်းတဲ့ လမ်းကြောင်း တခုပါ။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ဆီမှာ ဗိုလ်လုပွဲနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ရှိကြောင်းကို သက်သေပြနိုင်ဖို့တော့ လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။