ဗီလာရီးရဲလ်ကနေ ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာဆီ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်လူမျိုး နည်းပြဖြစ်သူ အူနိုင်း အမ်မရီကတော့ သူဟာ နာမည်ကျော် စီးရီးတခု ဖြစ်တဲ့ Peaky Blinders စီးရီးကို ကြည့်ကာ သူ့ရဲ့ အင်္ဂလိပ်စာ လေယူလေသိမ်း တိုးတက်လာအောင် လေ့ကျင့်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၁နှစ် အရွယ် စပိန်လူမျိုး နာမည်ကြီး နည်းပြဖြစ်သူ အူနိုင်း အမ်မရီက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကို ကိုင်တွယ်ခဲ့ချိန်မှာ အင်္ဂလိပ်စာ အသံထွက် သိပ်မကောင်းခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရသူ ဖြစ်ပါတယ်။

Photo Credit: BBC

ဒါကြောင့်ပဲ အူနိုင်း အမ်မရီက အာဆင်နယ်ကနေ ထွက်ခွာပြီးနောက် ဗီလာရီးရဲလ်ကို တာဝန်ယူ ကိုင်တွယ်ချိန်မှာ သူ့ရဲ့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက် ကောင်းမွန်လာအောင် ဆက်လက် လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ယခုအချိန်မှာတော့ အူနိုင်း အမ်မရီဟာ အင်္ဂလိပ်စကားကို ရေရေလည်လည် ပြောတတ်နေပါပြီ။

ဗီလာနည်းပြဘဝ ပထမဦးဆုံး အင်တာဗျူးမှာ သတင်းထောက် တဦးက အမ်မရီကို အင်္ဂလိပ်စာကို စတင် လေ့လာချိန်မှာ နာမည်ကျော် Peaky Blinders စီးရီးကို ကြည့်ပြီး အင်္ဂလိပ် လေယူလေသိမ်းကို လေ့လာခဲ့တဲ့ သတင်းဟာ အမှန်ပဲလားလို့ မေးမြန်းခဲ့ရာ အမ်မရီက သူဟာ Peaky Blinders စီးရီးကို ကြည့်ကာ အင်္ဂလိပ် လေယူလေသိမ်းကို လေ့လာခဲ့ကြောင်း ဝန်ခံခဲ့သလို Peaky Blinders စီးရီးကိုလည်း သဘောကျကြောင်း ဆိုလာပါတယ်။

Photo Credit: BBC

အမ်မရီက – “ကျွန်တော်က ရုပ်ရှင်တွေ ၊ စီးရီးတွေကို ကြည့်ပြီး ဘာသာစကား သင်ယူရတာကို သဘောကျပါတယ်။ ပြီးတော့ Peaky Blindersကလည်း တကယ်ကို ကောင်းတဲ့ စီးရီးတခုပါ။ ဒါကြောင့် ကျွန်တော်က အဲ့ဒီ စီးရီးကို ကြည့်ပြီး အင်္ဂလိပ် လေယူလေသိမ်းကို လေ့လာခဲ့ပါတယ်။ ကျွန်တော်က သူတို့ ပြောသမျှ စကားအားလုံးကိုတော့ နားမလည်ပါဘူး။ ဒါပေမယ့် ဇာတ်လမ်းကိုတော့ ကြိုက်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။