ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ နယူးကာဆယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အက်ဒီဟောင်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ဆောက်သမ်တန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၃-၁နဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် သူတို့အသင်းက ကာရာဘောင်းဖလားကို အရယူသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဆော်ဒီ တော်ဝင်မိသားစုရဲ့ ဝယ်ယူမှုကို ခံခဲ့ရတဲ့ နယူးကာဆယ်က “အရှင် မွေးရင် ၊ နေ့ချင်းကြီး” ဆိုတဲ့ စကားပုံအတိုင်း ငွေအင်အား အလုံးအရင်း ရခဲ့ပြီးနောက် မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ အသင်း ဖြစ်ပြီး နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် ခေတ်ဦးတုန်းကလို အင်အားကြီးအသင်း တသင်း ပြန်ဖြစ်လာဖို့ နီးစပ်နေပါပြီ။

Photo Credit: Football 365

အက်ဒီဟောင်း ဦးဆောင်နေတဲ့ နယူးကာဆယ်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ရရှိထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ရာသီဝက်ကာလ ပြီးဆုံးချိန်မှာ အမှတ်ပေးဇယားရဲ့ တတိယနေရာ အထိ ရောက်ရှိနေသလို ကာရာဘောင်းပြိုင်ပွဲမှာလည်း ဆောက်သမ်တန်ကို အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

နယူးကာဆယ်က ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ နှစ်သင်းထဲက တသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ပထမအကျော့မှာ ယူနိုက်တက်က အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရထားတာကြောင့် နယူးကာဆယ်က ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံဖို့ အခွင့်အလမ်း များပြားနေပါတယ်။

Photo Credit: Football 365

နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်သင်းစလုံးက ဆုဖလားတွေ ငတ်မွတ်နေတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲဟာ အတော်လေး အကြိတ်အနယ် ရှိနိုင်ပြီး နယူးကာဆယ် နည်းပြချုပ် အက်ဒီဟောင်းကတော့ သူတို့အသင်းဟာ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ဆိုလာပါတယ်။

အက်ဒီဟောင်းက – “ကျွန်တော်တို့အသင်း ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့လို့ အတော်လေး ကျေနပ်မိပါတယ်။ အခုချိန်က ကျွန်တော်တို့တွေ ရှေ့ကို ခြေတလှမ်း တိုးပြီး ဆုဖလားကို အရယူဖို့ပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့က သမိုင်းသစ် ရေးထိုးချင်ပါတယ်။ လူသား တယောက်အနေနဲ့ ကျွန်တော်တို့က အောင်မြင်မှုတွေပဲ ရယူချင်တာပါ။ အခု ကျွန်တော်တို့က ဗိုလ်လုပွဲဆီ ရောက်နေပြီ ဆိုတော့ ဆုဖလားကို အရယူဖို့ပဲ လိုပါတော့တယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။