အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကတော့ နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူနိုင်ခဲ့ကြောင်း ယနေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဆာဂျီယို အဂူရို ထွက်ခွာသွားပြီးနောက် အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကာလရှည် ကြိုးစားခဲ့ရပြီး ယခု နွေအပြောင်းအရွှေ့မှသာ ဟာလန်းကို အမှန်တကယ် ခေါ်ယူနိုင်ခဲ့တာပါ။

Photo Credit: The Athletic

မန်ချက်စတာ စီးတီးက အာလင်း ဟာလန်းအတွက် ဒေါ့မွန်ထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၀သန်း ပေးချေခဲ့ရပြီး ဟာလန်းကိုတော့ တနှစ် လုပ်ခလစာ ယူရို ၃၀သန်း ဝန်းကျင်နဲ့အတူ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

 

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး သုံးဦး စာရင်းဝင် ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ခေါ်ယူမှုက ယခု နွေဈေးကွက်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုလို့တောင် ပြောလို့ ရနိုင်ပြီး ဟာလန်းကတော့ သူဟာ သူ့ရဲ့ ဘဝတခုလုံးမှာ မန်ချက်စတာ စီးတီးကို အားပေးခဲ့သူ ဖြစ်ကြောင်း မန်ချက်စတာ စီးတီး ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Athletic

ဟာလန်းက – “ကျွန်တော့်ကို အင်္ဂလန်မှာပဲ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော်ရဲ့ ဘဝတလျှောက်လုံး မန်ချက်စတာ စီးတီးကို အားပေးရင်းနဲ့ ကြီးပျင်းလာခဲ့တာပါ။ ကျွန်တော်က မန်ချက်စတာ စီးတီးရဲ့ အကြောင်းကိုလည်း အများကြီး သိပါတယ်။ ဒီနေရာက ကျွန်တော့်ရဲ့အိမ်လိုပဲ ခံစားရပါတယ်။ ပြီးတော့ ကျွန်တော်က မန်ချက်စတာ စီးတီးရဲ့ ပွဲစဉ်တွေ အများကြီးကိုလည်း ကြည့်ရှုခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကျွန်တော့်အနေနဲ့ တိုးတက်လာနိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။