ရုရှား နာမည်ကြီးကလပ် ဒိုင်နမို မော်စကိုရဲ့ ဒါရိုက်တာ ဖြစ်သူ ဂါဖင်က သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ ဇာခါရန် အတွက် ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ရုရှားလူငယ်ကြယ်ပွင့် ဇာခါရန်ဟာ ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ လူငယ် ကစားသမား တဦး ဖြစ်ပြီး ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ဟာ သူ့ရဲ့ အိမ်မက်တခု ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထားပါတယ်။

Photo Credit: 90 Min

 

ဇာခါရန်က ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှ စတင်ကာ ဒိုင်နမို မော်စကိုအတွက် ပါဝင် ကစားနေသူ ဖြစ်ပြီး သူဟာ ဒိုင်နမို မော်စကို အတွက် ပြိုင်ပွဲစုံမှာ ၆၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂၀ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဇာခါရန်ဟာ ဆယ်ကျော်သက် ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ရုရှားလက်ရွေးစင် အသင်းမှာ ရွေးချယ်ခံထားရသလို ချယ်လ်ဆီးကလည်း လူငယ်ကြယ်ပွင့်တွေကို စုဆောင်းလေ့ ရှိတဲ့ သူတို့ရဲ့ ဝသီအတိုင်း ဒိုင်နမို မော်စကိုနဲ့အတူ တောက်ပနေတဲ့ ဇာခါရန်ကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ကြိုးစားနေခဲ့တာပါ။

Photo Credit: 90 Min

လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ ဒိုင်နမို မော်စကိုတို့ ကြားထဲမှာ ဇာခါရန်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဇာခါရန်နဲ့ ချယ်လ်ဆီးတို့ ကြားမှာတော့ အပြောင်းအရွှေ့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိပြီး ဖြစ်ပါတယ်။

ဇာခါရန်ရဲ့ အပြောင်းအရွှေ့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်းကို ဒိုင်နမို မော်စကိုရဲ့ ဒါရိုက်တာ တဦး ဖြစ်သူ ဂါဖင်က အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ ဂါဖင်က – “ဇာခါရန်ရဲ့ အပြောင်းအရွှေ့ အတွက် ကျွန်တော်တို့နဲ့ ချယ်လ်ဆီးကြားမှာ ဆွေးနွေးမှုတွေ မရှိဘူးလို့ မငြင်းချင်ပါဘူး။ ဇာခါရန်နဲ့ ချယ်လ်ဆီးတို့ ကြားမှာ ရှိနေတဲ့ စာချုပ်အကြောင်းကိုတော့ ကျွန်တော်တို့ အသေးစိတ် မသိထားပါဘူး။ ဆွေးနွေးမှုတွေ ဆက်လုပ်နေတုန်းပါ” လို့ ပြောဆိုသွားခဲ့တာပါ။