အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဂျူဗင်တပ်ကို ငွေကြေး ယူရို ၅၀သန်း ရယူလိုမှုနဲ့ တရားစွဲတော့မယ်လို့ နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် ဂျူဗင်တပ်ကနေ ရိုးမားထံ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

 

Photo Credit: Football Italia

ဒိုင်ဘာလာနဲ့ ဂျူဗင်တပ်တို့က ဒိုင်ဘာလာရဲ့ စာချုပ် ၁နှစ်သာ သက်တမ်း ကျန်ရှိတော့တဲ့အချိန်မှာ (၂၀၂၁ခုနှစ် အတွင်း) စာချုပ်သစ် အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး အဆိုပါ သဘောတူညီချက်ကြောင့် ဒိုင်ဘာလာဟာ ၂၀၂၁ခုနှစ် နွေဈေးကွက်မှာ အသင်းမပြောင်းခဲ့တာ ဖြစ်ပေမယ့် ဂျူဗင်တပ်ဘက်က နောက်ပိုင်းမှာ သူတို့ရဲ့ ကတိကို ဖျက်ကာ ဒိုင်ဘာလာကို စာချုပ်သစ် မချုပ်တော့ပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Italia သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလာက ဂျူဗင်တပ်ကနေ ထွက်ခွာခဲ့ပြီးနောက် ရိုးမားဆီ ပြောင်းရွှေ့လာချိန်မှာ လုပ်ခလစာ လျှော့ယူခဲ့ရတာကြောင့် စုစုပေါင်း ယူရို ၅၀သန်း ဝန်းကျင် အထိ နစ်နာခဲ့ရပြီး အဆိုပါ နစ်နာမှု အတွက် ဒိုင်ဘာလာက ဂျူဗင်တပ်ကို တရားစွဲဖို့ ပြင်ဆင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Football Italia

ဂျူဗင်တပ်နဲ့ ဒိုင်ဘာလာတို့ရဲ့ စာချုပ်သစ် အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့တဲ့ အချက်ကြောင့် တရားရင်ဆိုင်တဲ့အခါ ဒိုင်ဘာလာဘက်က အမှုကို အနိုင်ရဖို့ ရာခိုင်နှုန်း များပြားနေပြီး ဂျူဗင်တပ်ကတော့ ဒိုင်ဘာလာရဲ့ တရားစွဲဆိုမှုကို ပြန်လည် ရင်ဆိုင်ဖို့ အတွက် နာမည်ကြီးရှေ့နေတွေ ငှားရမ်းဖို့ ပြင်ဆင်နေပါတယ်။