ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိုးမား ၃-၂ တိုရီနို ပွဲစဉ်မှာ ရိုးမားအတွက် ဟက်ထရစ် သွင်းယူကာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ပေါ်လို ဒိုင်ဘာလာက သူဟာ ရိုးမားမှာ ပျော်နေပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာ မသိသေးဘူးလို့ ပြောကာ ရိုးမားမှာ ဆက်နေဖို့ မသေချာကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာ ဂျူဗင်တပ် ကနေ ရိုးမားဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ရိုးမားဆီ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: AS Roma

ပေါ်လို ဒိုင်ဘာလာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရိုးမားအတွက် ပြိုင်ပွဲစုံ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ယခုနှစ် ဘောလုံးရာသီမှာလည်း ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

ဒိုင်ဘာလာက ရိုးမားရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ရိုးမားကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လမှာ သက်တမ်း ကုန်ဆုံးဖို့ ရှိနေသလို ရိုးမားကလည်း သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။

Photo Credit: Euro Sports

ဒါကြောင့်ပဲ ဥရောပရဲ့ ထိပ်သီးကလပ်တွေက လာမယ့် နွေဈေးကွက်မှာ ပေါ်လို ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒိုင်ဘာလာကလည်း ရိုးမားအတွက် သူ့ရဲ့ ပထမဦးဆုံး ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပြီးနောက် သူဟာ ရိုးမားမှာ ပျော်နေပေမယ့် ရိုးမားမှာ ဆက်နေဖို့ မသေချာကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဒိုင်ဘာလာက – “ကျွန်တော့်ရဲ့ အနာဂတ်လား။ ကျွန်တော် ဒီအသင်းဆီ စရောက်တုန်းကလည်း တကြိမ် ပြောပြီးပါပြီ။ ဒီမြို့ ၊ ဒီအသင်းမှာ နေရတာက ကျွန်တော့်အတွက် ဘဝသစ် တခုမှာ နေရသလိုပါပဲ။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်က လက်ရှိ အသင်းဖော်တွေနဲ့အတူ ဖြတ်သန်းနေရတဲ့ အချိန်တိုင်း ၊ အခိုက်အတန့်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းမှာ နေရတာက ပျော်စရာကောင်းလို့ပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။