ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ ဒေါ့မွန်နဲ့ ဂျူဗင်တပ်တို့က ပြင်သစ်ကလပ် စထရက်ဘော့ရဲ့ လူငယ်ကြယ်ပွင့် ဒီရာယာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဟာဘစ် ဒီရာယာက စထရက်ဘော့ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ ၂၀၂၁ခုနှစ်ထဲက စထရက်ဘော့ အတွက် ပါဝင် ကစားခွင့် ရနေသူပါ။

Photo Credit: Standard

အသက် ၁၇နှစ် အရွယ်မှာပဲ စထရက်ဘော့ အတွက် ပါဝင် ကစားခွင့် ရခဲ့တဲ့ ဒီရာယာက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပြီး သူက စထရက်ဘော့ အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒီရာယာက ကွင်းလယ်ဖန်တီးရှင် အဖြစ် ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိပြီး သူက ဘောလုံးဆွဲပြေးရာမှာ ထူးချွန်သလို အတိုးအလှုပ် ကောင်းတာကြောင့် ပေါ့ဘာလက်သစ်လို့တောင် တင်စားခံထားရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒေါ့မွန်နဲ့ ဂျူဗင်တပ်တို့က စထရက်ဘော့နဲ့အတူ တောက်ပနေတဲ့ ဒီရာယာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြပြီး လာမယ့် အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။

ဒီရာယာက ပြီးခဲ့တဲ့ ဇွန်လမှာမှ စထရက်ဘော့နဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် ဂျူဗင်တပ်နဲ့ ဒေါ့မွန်တို့က ဒီရာယာကို အလွယ်တကူ ခေါ်ယူနိုင်မှာ မဟုတ်သလို စထရက်ဘော့နဲ့ ပိုင်ရှင်တူတဲ့ ချယ်လ်ဆီးကလည်း ဒီရာယာလုပွဲထဲမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။