ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဗယ်လာဒိုးလစ် လူငယ်ကြယ်ပွင့် ဖာရက်စ်နီဒါကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လူငယ်ကြယ်ပွင့် ဖာရက်စ်နီဒါက ယခုနှစ် ဘောလုံးရာသီမှာ ဗယ်လာဒိုးလစ်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဗယ်လာဒိုးလစ် အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Marca

ဖာရက်စ်နီဒါက ညာနောက်ခံနဲ့ ညာအစွန်လူ အဖြစ် ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ကြံ့ခိုင်မှု ကောင်းမွန်သလို လျင်မြန်ကာ ဘောလုံးအရည်အသွေးလည်း ပြည့်ဝတာကြောင့် ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာနဲ့ အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဥရောပရဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူကာ မြေတောင် မြှောက်ပေးလေ့ ရှိတဲ့ ဒေါ့မွန်ကလည်း ဖာရက်စ်နီဒါရဲ့ ခြေစွမ်းကောင်းနဲ့ အလားအလာတွေကြောင့်ပဲ သူ့ကို အာဆင်နယ်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ လှုပ်ရှားလာခဲ့ပြီး ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ဖာရက်စ်နီဒါရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က ဖာရက်စ်နီဒါကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမားနဲ့ရော ၊ ဗယ်လာဒိုးလစ်နဲ့ပါ တပြိုင်နက်ထဲ ညှိနှိုင်း ဆွေးနွေးနေပြီး ဗယ်လာဒိုးလစ်က ဖာရက်စ်နီဒါ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း တောင်းဆိုထားကြောင်း သိရပါတယ်။

တဖက်မှာလည်း အာဆင်နယ်က ဖာရက်စ်နီဒါကို ခေါ်ယူဖို့ လက်မလျှော့သေးတာကြောင့် လာမယ့် ၂၄နာရီနဲ့ ၄၈နာရီ အတွင်းမှာ အာဆင်နယ်ဘက်ကနေ ဖာရက်စ်နီဒါရဲ့ အပြောင်းအရွှေ့ အတွက် လှုပ်ရှားမှုတွေ ပြုလုပ်လာနိုင်သေးကြောင်း ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။