မန်ချက်စတာ စီးတီးအသင်းကတော့ ရန်းစ်အသင်းရဲ့ ဘယ်လ်ဂျီယံ ညာတောင်ပံ ကစားသမား ဂျယ်ရမီ ဒိုကူကို ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀)နဲ့ ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီးနောက် မနက်ဖြန်မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား မာရက်ဇ်ကို ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ ရောင်းချခဲ့ပြီးတဲ့နောက် သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် ဒိုကူကို အဓိက ပစ်မှတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက် (၂၁)အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံ ကစားသမား ဒိုကူဟာ မနှစ်က ဘောလုံးရာသီအတွင်း ရန်းစ်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသခဲ့သူဖြစ်ပြီး (၇)ဂိုးသွင်း (၄)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒီရာသီထဲမှာတောင် ရန်းစ်အတွက် (၁)ဂိုးသွင်းပေးထားတဲ့ ဒိုကူဟာ ကိုဗာဆစ် ဂဗာဒီယိုလ်တို့နောက် ဒီနွေမှာ မန်စီးတီးအသင်း ခေါ်ယူထားနိုင်တဲ့ တတိယမြောက် ကစားသမားသစ်လည်း ဖြစ်လာပါတော့မယ်။

Photo Credit : TEAMtalk

ဒါပေမယ့် ဒိုကူဟာ တံကောက်ကြော ဒဏ်ရာပြသာနာနဲ့ မကြာခဏ ရင်ဆိုင်ရတတ်သူ ဖြစ်တာကြောင့် မန်စီးတီးအနေနဲ့ အန္တရာယ်များလှတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း ဝေဖန်နေကြပါတယ်။ လက်ရှိမှာလည်း ဒိုကူရဲ့ လက်ရွေးစင် အသင်းဖော် စီနီယာဖြစ်သူ ဒီဘရိုင်းနားလည်း ဒဏ်ရာကြောင့် (၅)လခန့်အထိ အနားယူနေရပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးဘက်ကတော့ သူတို့ရဲ့ ကစားသမားသစ်လေး ဖြစ်လာတော့မယ့် ဒိုကူကို လာမယ့် ရှက်ဖီး ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာပဲ ပါဝင်လာနိုင်ရေးအတွက် ရက်ပိုင်းအတွင်းမှာ ဆေးစစ်မှုတွေ စာချုပ်ချုပ်ဆိုမှုတွေကို တစ်ခါတည်း အပြီးသတ် ဆောင်ရွှက်သွားဖို့ ရှိနေပါတယ်။